မြိတ်မြို့တွင် ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ငွေကျပ် ၁၇၄ သိန်းကျော် ခိုးယူခံရကြောင်း ဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။
အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးသည် မေလ ၂၄ရက် ည ၁၁နာရီဝန်းကျင်တွင် Sky Mobile ဖုန်းဆိုင် အတွင်း ဖောက်ထွင်းဝင်ရောက် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါအမျိုးသားတွင် ခြေထောက်နှစ်ဖက်ကို ပတ်တီးအဖြူရောင်စည်းထားသည်ကို CCTV မှတ်တမ်းတွင် တွေ့ရကြောင်း ဖုန်းဆိုင်ပိုင်ရှင်က ပြောဆိုသည်။
“အိမ်ရှေ့တံခါးမကို သော့အရင်ဖျက်ပြီး နံဘေးတံခါးကနေဝင်တာ။ သူခိုးကတော့ ကြိုလေ့လာထားသူဖြစ်ပုံရတယ်။ သူကဝင်လာကတည်းက ပိုက်ဆံထားတဲ့ ကောင်တာကို တန်းပြီးသွားတာ။ အဲဒီမှာ သော့ဖျက်ပြီး ငွေသားတွေ ယူသွားတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဖုန်းဆိုင်ရှိ တန်ဖိုးကြီးဖုန်းများကိုမူ တစ်လုံးမျှ ခိုးယူသွားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
“ကောင်တာမှာ ထားတဲ့ CCTV တစ်လုံးကိုတော့ သူက ဖျက်ဆီးလိုက်တာ” ဟု ဖုန်းဆိုင်ပိုင်ရှင်က ပြောသည်။
ဖုန်းဆိုင်ဖောက်ထွင်းခဲ့သည့် အမျိုးသား၏ ဆိုင်အတွင်း ခိုးယူနေမှုကို CCTV မှတ်တမ်းများတွင် ပြန်လည်တွေ့မြင်ရခြင်း ဖြစ်ကြောင်း ဆိုသည်။
ဖုန်းဆိုင်ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ ရပ်ကွက်ရုံးမှတစ်ဆင့် ရဲစခန်းသို့ ကနဦးအကြောင်းကြားထားပြီး ဖောက်ထွင်းခံရပြီးနောက် သုံးရက်အကြာ ယနေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးကြောင်း ဖုန်းဆိုင်ထံမှ သိရသည်။
မြိတ်မြို့ပေါ်ရှိ လူအသွားအလာများသည့်လမ်းပေါ်တွင် ငွေကြေးနှင့် ပစ္စည်းလုယက်မှုများ ယခုလအတွင်း ဆက်တိုက်ဖြစ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ရက် ညတွင်လည်း မြိတ်မြို့လယ် ပါရမီလမ်းတွင် လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကြေးနှင့် ဖုန်းအချို့ လုယက်ခံခဲ့ရသေးသည်။