မြိတ်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ မေလ ၂၇ ရက်နေ့အထိ ငါးလဝန်းကျင်အတွင်း စိတ်ကြွမူးယစ်ဆေးဝါး အလုံးရေနှစ်သိန်းခွဲခန့် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ မူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၃၁ ရက်နေ့က မြိတ်မြို့ မြို့ခံအမျိုးသားနှစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးဝါး အလုံးရေ နှစ်သိန်းကျော် ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၉ ရက်က မြိတ်မြို့တွင် စိတ်ကြွမူးယစ်ဆေး အလုံးရေ နှစ်သောင်းတစ်ထောင်နီးပါး ဖမ်းမိခဲ့ပြီး၊ မေလထဲတွင်မူ နောက်ထပ်သုံးသိန်းနီးပါး ထပ်မံဖမ်းဆီးမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းငါးလဝန်းကျင်ထဲ မြိတ်မြို့နယ်တစ်ခုတည်းတွင်သာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တိုင်းအတွင်းရှိ အခြားဒေသများအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိပေ။

အထက်ပါမူးယစ်ဆေးဝါးတို့နှင့်အတူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို ဖမ်းဆီးထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
CCDAC အဖွဲ့က စိတ်ကြွမူးယစ်ဆေးဝါးတစ်လုံးကို ငွေကျပ်သုံးထောင်ဖြင့်တွက်ချက်ထားပြီး မူယစ်ဆေးဝါး အလုံးရေနှစ်သိန်းခွဲနီးပါးအတွက် တန်ဖိုးမှာငွေကျပ်သိန်းရှစ်ထောင်ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်နယ်မြေတွင်ရော၊ တော်လှန်ရေးတပ်ထိန်းချုပ် ဒေသများတွင်ပါ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလျက်ရှိသည်။
နှစ်ဖက်စလုံးက မူးယစ်ဆေးဝါးဖမ်းဆီးမှုများ ပြုလုပ်နေကြသော်လည်း အသေးစား ရောင်းဝယ်သူများသာ ဖမ်းမိလေ့ရှိပြီး လက်ကြီးသမားများကိုမူ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိကြပေ။