BREAKING
May 28, 2025

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တရုတ်၏ကြွေးမြီဝန်ထုပ်ဝန်ပိုး စံချိန်တင်မြင့်တက်

May 27, 2025

ပုံစာ - ဟွန်ဒူးရပ်စ်နှင့် တရုတ်၏ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးကို ဘေဂျင်းမြို့တွင် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ တရုတ်ကြွေးမြီ ဝန်ထုပ်ဝန်ပိုးမှာ ၂၀၂၅ ခုနှစ်တွင် စံချိန်တင်မြင့်တက်လာကြောင်း ဩစတြေးလျအခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုက သတိပေးထုတ်ပြန်လိုက်သည်။

၂၀၁၀ ပြည့်နှစ်လွန်ကာလများတွင် တရုတ်အစိုးရသည် ၎င်းတို့၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အရ အာဖရိတိုက်မှ တောင်ပစိဖိတ်ဒေသနိုင်ငံများအထိ အခြေခံအဆောက်အအုံ စီမံကိန်းအမြောက်အများအတွက် ငွေအလုံးအရင်း ထုတ်ချေးထားခဲ့သည်။

သို့သော် လက်ရှိတွင် တရုတ်အစိုးရ၏ ပြည်ပကြွေးမြီထုတ်ချေးမှုများမှာ ကျဆင်းလာနေကာ ဖွံ့ဖြိုးဆဲနိုင်ငံများက တရုတ်အစိုးရထံ ပြန်ဆပ်ရမည့် ကြွေးမြီများသာ စုပြုံတိုးပွားလာနေကြောင်း Lowy Institute ၏ သုတေသန တွေ့ရှိချက်က ဆိုသည်။

၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံး ၇၅ နိုင်ငံက တရုတ်အစိုးရထံ ပြန်ဆပ်ရမည့် ကြွေးမြီပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ ရှိကြောင်း အဆိုပါ သုတေသနက တွေ့ရှိခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ဒေတာအချက်အလက်များကို အခြေခံကာ ဖွံ့ဖြိုးဆဲနိုင်ငံများက တရုတ်အစိုးရထံ ပြန်ဆပ်ရမည့် ကြွေးမြီပမာဏကို တွက်ချက်ခဲ့ခြင်း ဖြစ်သည်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ တရုတ်အစိုးရကို ပြန်ဆပ်ရမည့် ကြွေးမြီလှိုင်းလုံးအပြင် အတိုးနှုန်းတွေနဲ့ပါ လုံးပန်းနေရပြီ” ဟု သုတေသီ Riley Duke က ပြောသည်။

ယခုအချိန်နှင့် လက်ရှိဆယ်စုနှစ်၏ လက်ကျန်ကာလတစ်လျှောက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်အစိုးရထံမှ အသစ်ရရှိသည့် ချေးငွေထက် တရုတ်အစိုးရထံ ပြန်ဆပ်ရသည့် ကြွေးမြီကသာ ပိုများပြားလာမည်ဟု ၎င်းက ဆိုသည်။

တရုတ်အစိုးရ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အအုံစီမံကိန်းနှင့် ရာသီဥတုဖောက်ပြန်မှု တားဆီးရေးစီမံချက်များတွင် အစိုးရဘဏ္ဍာငွေသုံးစွဲမှုမှာ စတင်ထိခိုက်လာနေပြီဟု အဆိုပါ တွေ့ရှိချက်က ဖော်ပြသည်။

“တရုတ်အစိုးရရဲ့ ချေးငွေတွေအပြင် နိုင်ငံတကာပုဂ္ဂလိကမြီရှင်တွေရဲ့ ဖိအားကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဘဏ္ဍာရေးအပေါ် ကြီးမားတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာနေစေတယ်” ဟု Duke က ပြောသည်။

သမ္မတထရမ့်လက်ထက် အမေရိကန်အစိုးရက ၎င်းတို့၏ ပြည်ပဖွံ့ဖြိုးရေးအကူအညီများကို ဖြတ်တောက်လိုက်ပြီးနောက်တွင် တရုတ်အစိုးရက ၎င်းတို့၏ ချေးငွေများကို ပထဝီနိုင်ငံရေးဩဇာလွှမ်းမိုးမှုအတွက် အသုံးချလာမည့်အရေးကို အဆိုပါ တွေ့ရှိချက်က မေးခွန်းထုတ်လာသည်။

တရုတ်အစိုးရ၏ ပြည်ပချေးငွေများမှာ နေရာတိုင်းနီးပါးတွင် ကျဆင်းလာနေသော်လည်း နိုင်ငံအချို့တွင်မူ ကျဆင်းသွားခြင်း မရှိသည်ကို တွေ့ရသည်။

ထိုင်ဝမ်အစား တရုတ်ပြည်မကြီးအား သံတမန်ဆက်ဆံရေးအရ ပြောင်းလဲအသိအမှတ်ပြုလာသည့် ဟွန်ဒူးရပ်စ်နှင့် ဆော်လ်မွန်ကျွန်းနိုင်ငံများတွင်မူ တရုတ်အစိုးရ၏ ချေးငွေပမာဏမှာ ကျဆင်းသွားခြင်း မရှိပေ။

ဘက္ထရီထုတ်လုပ်နိုင်သည့် သတ္တုများနှင့် အခြားအရေးပါသည့် တွင်းထွက်သတ္တုများ တရုတ်အစိုးရအား ထုတ်လုပ်ခွင့်ပေးထားသည့် အင်ဒိုနီးရှား ၊ ဘရာဇီးကဲ့သို့သော နိုင်ငံများတွင်လည်း အလားတူပင် ဖြစ်သည်ကို တွေ့ရှိရသည်။

Source: The Japan Times