BREAKING
June 4, 2025

လီဗာပူးအသင်း အောင်ပွဲခံအခမ်းအနားတွင် လူအုပ်ကို ကားဝင်တိုက်၊ လူ ၅၀ နီးပါး ဒဏ်ရာရရှိ

May 27, 2025

လီဗာပူးအသင်းသည် တနင်္လာနေ့က ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိမှုအထိမ်းအမှတ်အဖြစ် လှည့်လည်အောင်ပွဲခံသော အခမ်းအနားတွင် ပါဝင်ဆင်နွှဲနေသည့် လူအုပ်ကြီးကို ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး လူ ၅၀ ခန့် ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း The Guardian က ဖော်ပြထားသည်။

လီဗာပူးကစားသမားများသည် အမိုးဖွင့်ဘတ်စ်ကားကို စီးနင်းလိုက်ပါကာ လှည့်လည်အောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး ယင်းသို့အောင်ပွဲခံအခမ်းအနား ကျင်းပနေချိန်တွင် အနက်ရောင်ကားတစ်စီးက လူအုပ်ကြီးရှိရာဘက်ဆီသို့ ကွေ့ဝိုက်မောင်းနှင်ကာ ဝင်တိုက်ခဲ့သည့်အတွက် လူ ၅၀ ဦးနီးပါး ဒဏ်ရာရသွားခဲ့ရခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများအနက်တွင် ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦး ပါဝင်ကြောင်း သိရသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အသက် ၅၃ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ယခုဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှုမျိုး မဟုတ်ကြောင်းလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

“ဒါက အကြမ်းဖက်မှုဆိုင်ရာတိုက်ခိုက်မှုမျိုး မဟုတ်ပါဘူး။ သီးခြားဖြစ်စဉ်တစ်ခုလို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒိကိစ္စနဲ့ပတ်သက်လို့ ဆက်နွှယ်တရားခံ တခြားဘယ်သူ့ကိုမှ လိုက်လံရှာဖွေနေတာမျိုး မရှိပါဘူး”ဟု မာဆေးဆိုက် ရဲတပ်ဖွဲ့၏လက်ထောက်အကြီးအကဲ ဂျန်နီ ဆင်းမ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများအနက်တွင် ကလေးငယ် လေးဦး ပါဝင်ပြီး ကလေးတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိမှုနှင့်အတူ စိုးရိမ်ရသောအခြေအနေတွင် ရှိနေသည်။

Source – The Guardian