တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေသဖြင့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် စာသင်ကျောင်းဖွင့်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံအချို့နှင့် ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်ကို တိုက်ပွဲမရှိဘဲ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။
ဧပြီလ ၁၉ ရက်တွင် ရငဲကျေးရွာ၊ ၂၉ ရက်နေ့တွင် ကျောက်ခမောက်၊ မေလ ၁၅ ရက်တွင် ဘုတ်တောင်ပေါ်ရှိ KNLA စခန်း၊ မေလ ၁၉ ရက်တွင် ဝင်းကဖော်ရွာတို့ကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းမှာသရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမျှသာရှိသေးပြီး ထားဝယ်အရှေ့တော၊ လောင်းလုံးမြို့နယ်တို့တွင်ဖြစ်ပွားသည့် လေကြောင်းတိုက်ခိုက်မှုများ မပါဝင်သေးပေ။
ယင်းသို့တိုက်ခိုက်မှုများကြောင့် ရငဲရွာတွင် အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး၊ ကျောက်ခမောက်ရွာတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းလေးဦးသေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိသေးသည်။
ထို့ကဲ့သို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်းနှင့်အတူ အရပ်သားများ ထိခိုက်သေဆုံးနေခြင်းတို့ကြောင့်ယခုနှစ်ကျောင်းဖွင့်ရာသီ စာသင်ကျောင်းများပြန်ဖွင့်ရန် စိုးရိမ်နေရကြောင်း သရက်ချောင်းမြို့နယ်ရှိ ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
“ဒီအနီးတဝိုက်က ကျောင်းတွေကတော့ ကျောင်းဖွင့်ဖို့အတွက် တော်တော်လေးကို အားယူနေရတဲ့အနေအထားမျိုး ဖြစ်နေတယ်။ သေချာတာတစ်ခုကတော့ ကျောင်းဖွင့်လို့မရဲတဲ့အနေအထားဖြစ်နေတယ်ပေါ့” ဟု ကျောင်းဆရာတစ်ဦးကပြောသည်။

စာသင်ကျောင်းဖွင့်ထားသည့်နေရာများ လေကြောင်းပစ်မှတ်ထားခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတို့နှင့် ကျောင်းသားမိဘအချို့ကဆိုသည်။
“တစ်ချိန်လုံး အဲဒီလေယာဉ်ပဲကြောက်နေရတယ်။ သူတို့(စစ်ကောင်စီတပ်) က ဘာမှန်းညာမှန်းမသိဘဲ စာသင်နေတာကို ဗုံးကြဲချသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဖြစ်နေကြတာလူတိုင်းက” ဟု ကျောင်းသားမိဘတစ်ဦးကဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနကလည်း ၎င်းတို့ဝန်ကြီးဌာနနှင့် ချိတ်ဆက်နေသည့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများအားလုံး ယာယီပိတ်ထားရန် မေလ ၂၅ ရက်နေ့ ညွှန်ကြားလိုက်သည်။
စစ်ကောင်စီတပ်က စာသင်ကျောင်း၊ ဆေးရုံကဲ့သို့သော လူစု၊ လူဝေးနေရာများကို လေကြောင်းကတိုက်ခိုက်နေသဖြင့် ယင်းသို့ညွှန်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တနင်္သာရီတိုင်းတွင် ကျောင်းမတက်နိုင်သောကလေးများကို အမျိုးသားညီညွတ်ရေးအစိုးရ စာသင်ကျောင်းများ၊ ရပ်ရွာအခြေအပြု စာသင်ကျောင်းများ၊ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် ကျောင်းများတွင် အခက်အခဲများစွာဖြင့် ပညာသင်ကြားပေးနေခြင်းဖြစ်သည်။