BREAKING
May 1, 2025

သင်္ကြန်အပြီး ထားဝယ်တွင် ပုစွန်တစ်ပိဿာ ကျပ်သုံးသောင်းစျေးမြင့်တက်

April 27, 2025

ပုံစာ - ထားဝယ်မြို့၊ ကမ်းနားစျေးရှိ ပင်လယ်ထွက်ကုန်များ ရောင်းချရာနေရာ။ Photo-Dawei Watch

ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင် သင်္ကြန်ကာလအလွန်၌ ပုစွန်ချောကြီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် သုံးသောင်းအထိ ဈေးမြင့်တက်လာကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ဈေးကွက်ထံမှ သိရသည်။

သင်္ကြန်ကာလအပြီး ရေထွက်ကုန်‌ဈေးကွက်သို့ ပုစွန်အဝင်နည်းခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ ရှိ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ပုစွန်က ခါတိုင်းဆို တစ်နေ့ကို ၈ ပုံးလောက်ဝင်တယ်။ အခုရက်ပိုင်းက ၂ ပုံးလောက်ပဲ ပုံမှန်ဝင်တော့တယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင် သင်္ကြန်မတိုင်မီက ပုစွန်ချောကြီးတစ်ပိဿာလျှင် ကျပ် ငါးသောင်းသာ စျေးရှိရာမှ သင်္ကြန်ပြီးချိန်ဖြစ်သည့် ဧပြီလ ၂၆ ရက်တွင် တစ်ပိဿာလျှင် ကျပ် ရှစ်သောင်းအထိ ဖြစ်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ပုစွန်ဈေးမှာ ယခုနှစ်အတွင်း ထားဝယ်ဈေးကွက်တွင် အမြင့်ဆုံးဈေးဖြစ်ကြောင်း ရေထွက်ကုန် ရောင်းဝယ်သူ အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

သင်္ကြန်ရက်အတွင်း ငါးဖမ်းလှေများ ရပ်နားထားသည့်အတွက် လှေပြန်ထွက်ရန် ယခုရက်ပိုင်းအတွင်း ပြင်ဆင်နေချိန်ဖြစ်၍ ဈေးကွက်အတွင်း ရေထွက်ကုန်ပစ္စည်းများ ဈေးမြင့်တက်ခြင်းဖြစ်နိုင်ကြောင်း လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာရှိ ငါဖမ်းလှေလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“သင်္ကြန် နားရက်ပြီးလို့ တချို့ကလည်း လှေထွက်နေကြပြီ၊ တချို့ကလည်းပြင်ဆင်နေတုန်းပါ။ လှေထွက်ရက်တွေမို့လည်း ဈေးတက်တာလည်းဖြစ်နိုင်တယ်။ တို့လှေတွေတောင် မနက်ဖြန်မှ ထွက်မယ်” ဟု ၎င်းက ပြောသည်။

ထားဝယ် ရေထွက်ကုန်‌ဈေးကွက်တွင် သင်္ကြန်မတိုင်မီ ဧပြီလ ၁၂ ရက်တွင် ငါးဒွန်းခြင်း (အလုံးကြီး ) တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ သင်္ကြန်ပြီးချိန် ဧပြီလ ၂၆ ရက်တွင် ၁၂၀၀၀ကျပ်၊ ပါတူး (ခေါ်) ငါးလုံးငါး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ်၊ ပါလန်း (ခေါ်) အာဗြဲငါးတစ်ပိဿာ ၅၀၀၀ ကျပ်မှ ၆၅၀၀ကျပ်သို့ အသီးသီး ဈေးမြင့်တက်ကြောင်း စျေးကွက် အတွင်းမှ သိရသည်။

ယင်းအပြင် ငါးကွန်းရှပ် (လတ်) တစ်ပိဿာ ၂၂၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်၊ ပုစွန်ဖြူတစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ဘော့ဂျိတ်တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ ကျပ်သို့ အသီးသီးဈေးမြင့်တက်သွားသည်ကို တွေ့ရသည်။