ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာလုပ်သားထောင်ချီ ဥပဒေမဲ့ အလုပ်ဖြုတ်ခံနေရ

March 27, 2026

Photo - MHAC

ချွန်ဘူရီခရိုင် ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုစည်သူ(အမည်လွှဲ)တစ်ယောက် ရုတ်တရက် အလုပ်ဖြုတ်ခံလိုက်ရသည်။

တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် မထင်မှတ်ဘဲ အလုပ်လက်မဲ့ဘဝသို့ ရောက်သွားရခြင်းဖြစ်သည်။

ရန်ကုန်မြို့၊ လှိုင်သာယာရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော ကိုစည်သူမှာ နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ရောက်လာခဲ့သူဖြစ်သည်။

ထိုင်းပရိဘောဂစက်ရုံတွင် အလုပ်ရရှိခဲ့ပြီး လုပ်အားခနှင့် အချိန်ပိုကြေး ပေါင်းလိုက်ပါက တစ်လလျှင် ဘတ် ၁၈၀၀၀ ခန့်အထိ ရရှိသည့်အတွက် မိသားစုကိုလည်း ထောက်ပံ့နိုင်ခဲ့သည်။

မိသားစုကို ရေရှည်ထောက်ပံ့နိုင်ရန် စက်ရုံက မပြောင်းတော့ဟု တွေးထားခဲ့သော်လည်း ကိုစည်သူအပါအဝင် မြန်မာအလုပ်သမား ၂၀၀ ကျော်ကို စက်ရုံက မတ်လ ၃ ရက်နေ့တွင် အလုပ်ရပ်နားကြောင်း အသိပေးလိုက်သည်။

ကြားရက်များတွင် အလုပ်ဆင်းရမည်ထင်၍ စောင့်ဆိုင်းနေကြသော်လည်း မတ်လ ၁၆ ရက်နေ့တွင် အလုပ်ထုတ်လိုက်ပြီဟု စက်ရုံဘက်က အကြောင်းကြားလာခဲ့သဖြင့် ကိုစည်သူအပါအဝင် မြန်မာအလုပ်သမား ၂၀၀ ကျော်သည် ရုတ်တရက် အလုပ်လက်မဲ့ဘဝသို့ ရောက်ခဲ့ကြရခြင်းဖြစ်သည်။

“စက်ရုံက အော်ဒါတွေလည်း ပါးနေပြီ။ ဆီဈေးတွေလည်း ဆက်တိုက်တက်နေတော့ သိပ်မလည်ပတ်နိုင်တော့ဘူးလို့ ပြောတယ်။ တစ်လကြိုတင်အကြောင်းကြားတာမျိုးလည်း မရှိဘူး။ ဆင်းရမယ့်ရက်လည်းကျရော လာမဆင်းခိုင်းတော့ဘဲ တန်းအလုပ်ဖြုတ်လိုက်တာ” ဟု ကိုစည်သူက ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း မတ်လအစောပိုင်းမှစ၍ ထိုင်းနိုင်ငံတွင် စက်ရုံပေါင်း တစ်ဆယ်ကျော်က မြန်မာအလုပ်သမား ၃၀၀၀ ကျော် အလုပ်ဖြုတ်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

MHAC မဟာမိတ်အဖွဲ့သည် ထိုင်းရောက် မြန်မာအလုပ်သမားများ၏ အမှုများကို ကူညီဆောင်ရွက်ပေးနေသော အလုပ်သမားအဖွဲ့အစည်းဖြစ်သည်။

ယင်းအရေအတွက်သည် MHAC ရုံးသို့ လာရောက်တိုင်ကြားထားသော အလုပ်သမားအရေအတွက် သာရှိသေးပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သေးသည်။

ဥပဒေမဲ့ အလုပ်ဖြုတ်ခံရ

ထိုင်းရောက် မြန်မာအလုပ်သမားမှာ သတ်မှတ်ထားသော ဥပဒေများအတိုင်း ခံစားခွင့် မရရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရမှုများ ဆက်တိုက်ဖြစ်လာနေသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင် လောင်စာဆီ အကျပ်အတည်း ကြုံတွေ့နေချိန် စက်ရုံအလုပ်ရုံများတွင်လည်း အလုပ်သမားလျှော့ချရေး ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာခြင်းဖြစ်သည်။

ကမ္ဘာ့လောင်စာဆီ ၂၀ ရာခိုင်နှုန်းအထိ တင်ပို့နေသော ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်လိုက်သည့်အချိန် ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လောင်စာဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာနေသည်။

၂၀၂၆ ခုနှစ်တွင် ထိုင်းစီးပွားရေး (GDP Growth) တိုးတက်မှုနှုန်းကလည်း ထင်ထားသလို မဖြစ်လာခဲ့ဘဲ ၁ ဒသမ ၁ ရာခိုင်နှုန်းနောက်တွင်ပင် ရှိနေဆဲဖြစ်သည်ဟု ထိုင်းစက်မှုအသင်း (FTI) က ထုတ်ပြန်သည်။

မတ်လအစောပိုင်းမှစ၍ ထိုင်းနိုင်ငံရှိ စက်ရုံအချို့သည် လောင်စာဆီနှင့် အမှာစာလျော့နည်းလာမှုကို အကြောင်းပြပြီး မြန်မာအလုပ်သမား ထောင်ချီကို နစ်နာကြေးမပေးဘဲ ဆက်တိုက် အလုပ်ရပ်နားခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော အလုပ်သမားဥပဒေကို လိုက်နာမှုမရှိဘဲ စက်ရုံအများစုက အလုပ်သမားအခွင့်အရေးကို ချိုးဖောက်၍ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းကြားမှုမရှိ၊ နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်နေခြင်းဖြစ်သည်။

စက်ရုံအများစုက မြန်မာအလုပ်သမားများကို အလုပ်ဖြုတ်သည့်အချိန် ထိုင်းအလုပ်သမားဥပဒေအတိုင်း တစ်လကြိုတင် အကြောင်းကြားခဲ့ခြင်းမရှိသလို အလုပ်ဖြုတ်နစ်နာကြေးများကိုလည်း တာဝန်ယူပေးဆောင်ခြင်း မရှိကြပေ။

အချို့အလုပ်ရုံများတွင် အလုပ်ဖြုတ်နစ်နာကြေး ပေးရမည့်အစား အလုပ်သမားများကို ဘတ်၂၀၀၀၊ ၃၀၀၀ ပေးပြီး အတင်းလက်မှတ်ထိုး သဘောတူစေကာ အလုပ်ဖြုတ်ခဲ့ကြသည်။

စက်ရုံအများစုက မြန်မာအလုပ်သမားများကို အလုပ်ဖြုတ်သည့်အချိန် အလုပ်သမားဥပဒေကို လေးစားလိုက်နာခြင်း မရှိတော့ကြောင်း MHAC မဟာမိတ်အဖွဲ့က အေအေစီရဲမင်းက ပြောသည်။

“စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေကို အလုပ်ဖြုတ်ရင် အလုပ်ထုတ်နစ်နာကြေးပေးတာမျိုးက ရှိတော့ရှိတယ်။ ရှားတယ်ပေါ့နော်။ တော်တော်များများတော့ မပေးကြဘူး။ လာတိုင်ကြားကြတယ်ဆိုတာကလည်း နစ်နာကြေးတွေ လျောလျောရှူရှူ မပေးကြလို့။ အဆင်ပြေစွာနဲ့ မလုပ်ဆောင်ပေးလို့” ဟု အေအေစီရဲမင်းက ပြောသည်။

ဘန်ကောက်နှင့်အနီးတဝိုက်ဒေသများဖြစ်သည့် ချွန်ဘူရီ၊ လယောင်၊ ချာချင်စောင်၊ စမွတ်ပရကန်၊ စမွတ်စခွန်ခရိုင်များရှိ စားသောက်ကုန်၊ ပရိဘောဂ၊ မှန် စသော စက်ရုံများက ကိုစည်သူကဲ့သို့ မြန်မာအလုပ်သမားများကို နစ်နာကြေးမပေးဘဲ ဆက်တိုက်အလုပ်ဖြုတ်နေခြင်းဖြစ်သည်။

လောင်စာဆီဂယက်၏ မြေစာပင်

အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံရှိ စက်ရုံ၊ စိုက်ပျိုးရေးနှင့် ဆီဆိုင်ငယ်များတွင် လောင်စာဆီ အကျပ်အတည်းများ ရင်ဆိုင်လာနေရကြောင်း ထိုင်းစက်မှုအသင်း (FTI) က ပြောသည်။

ရေနံချက်စက်ရုံများက လောင်စာဆီများကို ၎င်းတို့၏ ကိုယ်ပိုင်ဆိုင်ကြီးများသို့သာ ဦးစားပေးရောင်းချနေသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေးနှင့် အခြားလက်လီဆိုင်ငယ်များတွက် လောင်စာဆီများ လိုအပ်သလောက် မရရှိတော့ပေ။

ရေနံချက်စက်ရုံများကတစ်ဆင့် လောင်စာဆီဝယ်ယူရရှိမှု ပိုနည်းလာနေသလို ကြားခံလူများကတစ်ဆင့် ပြင်ပပေါက်ဈေးထက် ဈေးကြီးပေး၍ ဝယ်ယူနေရကြောင်း FTI အသင်းက ထောက်ပြသည်။

တစ်လီတာလျှင် ပြင်ပပေါက်ဈေးထက် ၁၂ ဘတ်အထိ ကွာဟနေသဖြင့် စက်ရုံအလုပ်ရုံများအပြင် စိုက်ပျိုးရေးလုပ်ငန်းနှင့် လက်လီရောင်းချသော ဆိုင်များ ထိခိုက်လာနေကြောင်း FTI အသင်းက ပြောသည်။

ရေနံချက်စက်ရုံများမှတစ်ဆင့် စက်ရုံအလုပ်ရုံများ၊ လယ်သမားများနှင့် ကျေးလက်ဒေသများရှိ ဆီဆိုင်များသို့ ဖြန့်ချိရောင်းချနိုင်ရေး အစိုးရက ကြားဝင် စီစဉ်ပေးရန် FTI အသင်းက မတ်လ ၁၉ ရက်နေ့က တိုက်တွန်းထားသေးသည်။

ကမ္ဘာ့ရေနံဈေးကလည်း တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်နေသဖြင့် ထိုင်းစီးပွားရေးတိုးတက်မှုကလည်း မူလရည်မှန်းချက်ထက် ပိုမိုကျဆင်းလာနိုင်ကြောင်း FTI က သတိပေးထားသည်။

ထိုင်းစီးပွားရေး အကျပ်အတည်းနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ယခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာသဖြင့် မူလရည်မှန်းချက်ဖြစ်သော သုညရာခိုင်နှုန်းနှင့်ယှဉ်ပါက အလွန်ဝေးကွာနေဆဲဖြစ်သည်။

လက်ရှိတွင် စက်ရုံအလုပ်ရုံများ၌ အမှာစာလက်ခံရရှိမှု ပိုနည်းလာနေပြီး လောင်စာဆီ အကျပ်အတည်းကြောင့် လုပ်ငန်းများ မလည်ပတ်နိုင်တော့သဖြင့် မြန်မာအလုပ်သမားများကို အလုပ်ဖြုတ်မှု ပိုများလာခြင်းဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က အေအေစီရဲမင်းက ပြောသည်။

“လက်ရှိ စက်ရုံအလုပ်ရုံတွေက စက်သုံးဆီပြဿနာကြောင့်လည်း ဆိုင်မယ်။ နောက်ထပ် အဓိကကတော့ ထိုင်းစီးပွားရေးအခြေအနေနဲ့လည်း ဆိုင်တာပေါ့။ နိုင်ငံခြားက ပစ္စည်းလိုအပ်ချက် အမှာစာတွေ လျော့နည်းလာလို့ဖြစ်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

နစ်နာကြေးက မြန်မာအတွက် မဟုတ်

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်သမားများ အလုပ်ရပ်နားခံရပါက လုပ်သက်အလိုက် နစ်နာကြေး ခံစားပိုင်ခွင့်ရှိသည်။

လုပ်သက် ၃ လမှ ၁ နှစ်ကြား ရှိသူများက လုပ်အားခ ၁ လစာ၊ လုပ်သက် ၁ နှစ်မှ ၃ နှစ်ကြားရှိပါက ၃ လစာ၊ လုပ်သက် ၃ နှစ်မှ ၆ နှစ်ကြားရှိပါက ၆ လစာ အလုပ်ဖြုတ်နစ်နာကြေးများ ခံစားခွင့် ရရှိမည်ဖြစ်သည်။

သို့သော် အာဏာသိမ်း စစ်အုပ်စု၏ အလုပ်သမား သံအရာရှိများ ထိုင်းနိုင်ငံတွင် ရှိသော်လည်း အလုပ်သမားများ အရေးကို မားမားမတ်မတ် လုပ်ဆောင်ခြင်းမရှိသဖြင့် မြန်မာလုပ်သားများမှာ မြေနိမ့်ရာလှံစိုက်ခံနေရသည်။

လုပ်သက် တစ်နှစ်ကျော်ရှိသော ကိုစည်သူအပါအဝင် မြန်မာအလုပ်သမား ၂၀၀ ကျော်သည် ရုတ်တရက် အလုပ်ဖြုတ်ခံလိုက်ရသော်လည်း စက်ရုံဘက်ကပေးသော နစ်နာကြေးလည်း မရရှိပေ။

ရုတ်တရက် အလုပ်ဖြုတ်ခံရသဖြင့် မြို့နယ်ရှိ ဆာဝါဒီကန်ဟုခေါ်သော အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် ကိုစည်သူနှင့်အဖွဲ့ မတ်လ ၂၄ ရက်နေ့က သွားရောက်တိုင်ကြားခဲ့သည်။

တိုင်ကြားစဉ် ငွေကြေး၊ အချိန်၊ သွားလာရေးအခက်အခဲများကြောင့် မြန်မာအလုပ်သမား ၂၀၀ ကျော်စလုံး လိုက်ပါနိုင်ခြင်းမရှိဘဲ ကိုစည်သူအပါအဝင် အလုပ်သမား ၅၅ ဦးသာ တိုင်ကြားနိုင်ခဲ့သည်။

အလုပ်ရှင်ဘက်က ကြားခံပွဲစားများနှင့် ညှိနှိုင်း၍ ကိုစည်သူအပါအဝင် မြန်မာအလုပ်သမား ၅၅ ဦးကို လုပ်အားခနှင့် အလုပ်နားရသော ရက်များအတွက် ဘတ် ၉၅၀၀ ပေး၍ အမှုကို ကျေအေးစေခဲ့သည်။

ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်မှုနှင့် လုပ်သက်နစ်နာကြေးအတွက်မူ စက်ရုံဘက်က ဥပဒေအတိုင်း ပေးဆောင်ခဲ့ခြင်းမရှိပေ။

အကယ်၍ ကြိုတင်အကြောင်းမကြားမှုနှင့် လုပ်သက် တစ်နှစ်ကျော်အတွက် ကိုစည်သူသည် နစ်နာကြေး ဘတ် ၃၀၀၀၀ ကျော် ရရှိရမည်ဖြစ်သည်။

ကိုစည်သူအပါအဝင် အလုပ်သမားများကလည်း အမှုကို ရင်ဆိုင်ရန် ငွေကြေးနှင့် အချိန်အားဖြင့် ကြန့်ကြာမှုများ ရှိနိုင်သဖြင့် ရုံးတွင် လက်မှတ်ထိုး၍ အမှုကို သဘောတူ လက်ခံခဲ့ရကြောင်း ဆိုသည်။

“အမှုလိုက်ဖို့ကလည်း ငွေအင်အားရှိရမယ်။ သူတို့ခေါ်တဲ့အချိန် သွားရမယ်ဆိုတော့ ကျွန်တော်တို့ဘက်က အဆင်မပြေတော့ အမှုကို ပိတ်လိုက်တာ။ ရုံးမှာ လက်မှတ်ထိုးလိုက်ပြီ” ဟု ကိုစည်သူက ဆိုသည်။

စက်ရုံဘက်က နစ်နာကြေးမပေးဘဲ အလုပ်သမားများ အုပ်စုလိုက် အလုပ်ထုတ်ခဲ့ပါက မြန်မာအလုပ်သမားများသည် အလုပ်ရှင်နှင့် ကနဦး ညှိနှိုင်း၍ နစ်နာကြေးအတွက် တောင်းခံရမည်ဖြစ်သည်။

အလုပ်ရှင်နှင့် ဆွေးနွေးစဉ် မပြေလည်ခဲ့ပါက နီးစပ်ရာ ဆာဝါဒီကန်ဖြစ်စေ မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များသို့ဖြစ်စေ အလုပ်ဖြုတ်ခံရသည့်ရက်မှ သုံးရက်အတွင်း စုစုစည်းစည်း တိုင်ကြားရမည်ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က ရှင်းပြသည်။

သို့သော်လည်း ၂၀၂၆ ခုနှစ်တွင် ထိုင်းစီးပွားရေးအခြေအနေကြောင့် ကိုစည်သူကဲ့သို့ မြန်မာအလုပ်သမားများစွာ အလုပ်ဖြုတ်ခံရနိုင်ပြီး အလုပ်သစ်ရှာရန်လည်း မလွယ်ကူကြောင်း အေအေစီရဲမင်းက ပြောသည်။

“အခုလိုစပ်ကူးမတ်ကူးကာလ သင်္ကြန်ကာလ အလုပ်တွေ ရှားပါနေတဲ့ကာလမှာ အလုပ်ပြုတ်သွားတဲ့သူတွေ အလုပ်အသစ်တစ်ခုရဖို့ဆိုတာ တော်တော်လေး ခက်ခဲကုန်ပြီပေါ့နော်” ဟု ၎င်းကဆိုသည်။

နစ်နာကြေးအနည်းငယ်ဖြင့် အမှုကို ပိတ်လိုက်ရသော ကိုစည်သူအပါအဝင် မြန်မာအလုပ်သမားများသည် နီးစပ်ရာတွင် အလုပ်ရှာနိုင်ရေး ကြိုးစားနေကြသော်လည်း မလွယ်ကူလှ။

အလုပ်လက်မဲ့ ဘဝရောက်နေသဖြင့် ၎င်းတို့ကို မှီခိုနေရသည့် မြန်မာနိုင်ငံမှ မိသားစုမှာလည်း အခက်အခဲကြုံရပြီဟု ကိုစည်သူကဆိုသည်။ ၎င်းကိုယ်တိုင်လည်း အလုပ်လက်မဲ့ အခြေအနေဖြင့် ထိုင်းတွင်နေရမည့်အပေါ် စိုးရိမ်မှုကို ယခုကဲ့သို့ဖွင့်ဟသည်။

“အလုပ်ပြုတ်သွားတော့ မိသားစုကိုလည်း မထောက်ပံ့နိုင်တော့ဘူးလေ။ ထိုင်းမှာက ဘာမှ အလကားမရတော့ ရှေ့ဆက် အခက်အခဲတွေနဲ့ ကြုံရဦးမှာပဲ”