တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကာမီကာဇေဒရုန်းဖြင့် ခုနစ်ကြိမ်မြောက် တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။
မတ်လ ၂၆ရက် နေ့လယ် ၁၂နာရီခွဲကျော်တွင် တကူကျေးရွာအုပ်စု ရွာမရွာကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် ၅၅၆ ခြေမြန်တပ်ရင်းက တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ရွာမရွာရှိ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်ဆောင်တွင် အပေါ်ထပ်ပျက်စီးကြောင်း ၎င်းက ဆိုသည်။
“အပေါ်ထပ် ထိသွားတယ်။ ကြမ်းခင်းတွေ ပေါက်တယ်။ ဘုရားဆောင်တွေ ကြေသွားတယ်။ အသံက ဟိုနေ့က (မတ် ၂၄) လိုပဲ။ တအားကျယ်တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် ရွာမရွာကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်နေသည်မှာ ၇စီး အထိ ရှိလာပြီး တစ်ကြိမ်တိုက်ခိုက်လျှင် တစ်စီး သို့မဟုတ် နှစ်စီးဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများက ဆိုသည်။
ကာမီကာဇေဒရုန်းမှာ ဒရုန်းကို အဆုံးအရှုံးခံပြီး ဝင်ရောက်တိုက်ခိုက်ဖောက်ခွဲခြင်းဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။
စစ်အာဏာရှင်တပ်က တကူကျေးရွာအုပ်စုကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်မှု ခုနစ်ကြိမ်အနက် ယခုတစ်ကြိမ်မှာ ထိခိုက်ပျက်စီးမှု ကြုံရကြောင်း ဒေသခံအခြားတစ်ဦးက ပြောဆိုသည်။
“လူထိခိုက်တာတော့ မရှိဘူး။ အိမ်ပဲ ထိသွားတယ်။ အိမ်ပေါ်ကျသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် တကူကျေးရွာအုပ်စုကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကာမီကာဇေဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနောက် ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၁ ရက်၊ မတ်လ ၁၀ ရက်၊ ၁၆ ရက်နှင့် ၂၄ရက်တို့တွင်လည်း တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။
ရွာမရွာနှင့် အလယ်ပိုင်းရွာတို့ကို အဓိကတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မတ်လ ၂၄ရက်က ကာမီကာဇေဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်မှုမှာလည်း ရွာမရွာကို ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။







