လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်၍ မောင်းနှင်သော မော်တော်ယာဉ်များကို ပိုမိုစစ်ဆေးဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၃၁ ရက်နေ့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပက်သက်၍ ပညာပေးကာလကုန်ဆုံးပြီဖြစ်သဖြင့် ဧပြီလ ၁ ရက်နေ့မှစ၍ ဥပဒေအရ တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
လမ်းမပေါ် မောင်းနှင်သော ယာဉ်များ အန္တရာယ်ကင်းစေရန်နှင့် အားလပ်ရက်ရှည် ခရီးသွားရာသီများတွင် မတော်တဆမှုကြောင့် လူသေဆုံးမှုလျော့ကျလာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြသည်။
အားလပ်ရက်များတွင် မတော်တဆမှုများ ပိုများလာသဖြင့် လမ်းမပေါ် အန္တရာယ်ကင်း ဘေးရှင်းစွာ မောင်းနှင်ရေးက နိုင်ငံတော်ဦးစားပေးဖြစ်ကြောင်း နိုင်ငံတော် ဒုတိယပြောရေးဆိုခွင့်အမျိုးသမီးဖြစ်သူ Aiyarin Phanrit က မတ်လ ၂၆ ရက်နေ့က ပြောသည်။

၂၀၂၇ ခုနှစ်တွင် လမ်းပေါ် မတော်တဆမှုကြောင့် ထိခိုက်သေဆုံးမှုနှုန်းကို လူတစ်သိန်းလျှင် ၁၂ ဦးအထိ လျော့ကျလာစေရန် ရည်ရွယ်ထားကြောင်း သူမက ပြောသည်။
ပြီးခဲ့သော နှစ်သစ်ကူးအချိန်က လမ်းမပေါ် ယာဉ်မတော်တဆမှု ၁၅၀၀ ကျော်ဖြစ်ခဲ့ပြီး လူသေဆုံးမှု ၂၇၂ ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် မတော်တဆမှုများကို လျော့ချနိုင်ရေး ဥပဒေအရ တင်းတင်းကျပ်ကျပ် စစ်ဆေးရမည်ဖြစ်ပြီး ပြည်သူများကိုလည်း စည်းကမ်းတကျ မောင်းနှင်ကြရန် ပညာပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ပညာပေးရာသီဖြစ်သဖြင့် သတိပေးအဆင့်ကို ပြုလုပ်နေပြီး ယခုနှစ် ဇန်နဝါရီလမှစ၍ ယာဉ်မောင်းသူ ၂ သိန်းခန့်ကို သတိပေးအဆင့် ပေးထားပြီးဖြစ်ကြောင်း ဖော်ပြသည်။
လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ ရဲတပ်ဖွဲ့က ဒုတိယအဆင့်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယာဉ်မတော်တဆမှုကို အဖြစ်များစေသော ယာဉ်စည်းကမ်းဖောက်ဖျက်မှု ၁၀ ချက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းဖော်ပြသည်။
ယင်း ၁၀ ချက်ထဲတွင် မြန်နှုန်းမြင့်မောင်းနှင်ခြင်း၊ အရက်သောက်၍ မောင်းနှင်ခြင်းနှင့် ရုတ်တရက် လမ်းကြောင်းပြောင်းမောင်းနှင်ခြင်းများ ပါဝင်ကြောင်း ဖော်ပြသည်။
Ref: Bangkok Post, The Nation Thailand, PR Government







