ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန် စွမ်းအင်ဆိုင်ရာများကို တိုက်ခိုက်မည့် ထရမ့်၏အစီအစဉ် ဧပြီ ၆ ရက်နေ့အထိ ရွှေ့ဆိုင်း

March 27, 2026

အီရန်၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည့် နောက်ဆုံးရက်သတ်မှတ်ချက်ကို ဧပြီလ ၆ ရက်နေ့အထိ နောက်ဆုတ်လိုက်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၂၆ ရက်နေ့က ပြောကြားလိုက်သည်။

အီရန်၏ တောင်းဆိုမှုကြောင့် ယင်းသို့ နောက်ဆုံးပေးလိုက်ခြင်း ဖြစ်ပြီး ဆွေးနွေးမှုများမှာလည်း အင်မတန် အဆင်ပြေချောမွေ့နေကြောင်း ၎င်းက ပြောသည်။

အမေရိကန်၏ စစ်ပွဲအဆုံးသတ်ရေးကမ်းလှမ်းချက်အပေါ် အီရန်ဘက်က တုံ့ပြန်မှု အေးစက်နေသော်လည်း အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရရှိရေးအတွက် မိမိဘက်က အသည်းအသန်ဖြစ်နေသည်ဆိုသော အချက်ကို သမ္မတထရမ့်က ငြင်းဆိုထားသည်။

“ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ သတင်းမှားဖြန့်နေတဲ့ မီဒီယာတွေနဲ့ တခြားသူတွေက ဆန့်ကျင်ဘက်တွေ ပြောနေကြပေမဲ့ ဆွေးနွေးပွဲတွေကတော့ တကယ့်ကို အဆင်ပြေနေပါတယ်” ဟု သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ရေနံတင်သင်္ဘောများ ဖြတ်သန်းနိုင်ရန်အတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရန် အီရန်ကို ၄၈ နာရီ အချိန်ပေးခဲ့ပြီး လိုက်နာခြင်းမရှိပါက အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံစက်ရုံများကို အလုံးစုံ ဖျက်ဆီးပစ်မည်ဟု သမ္မတထရမ့်က ပြီးခဲ့သည့် စနေနေ့က ခြိမ်းခြောက်ခဲ့သည်။

သို့ရာတွင် သမ္မတထရမ့်က အဆိုပါ တိုက်ခိုက်မှုလုပ်ဆောင်ရန် နောက်ဆုံးရက်သတ်မှတ်ချက်ကို နှစ်ကြိမ်တိုင်တိုင် တိုးမြှင့်ပေးခဲ့ပြီးဖြစ်သည်။

“အီရန်အစိုးရရဲ့ တောင်းဆိုချက်အရ သူတို့ရဲ့ စွမ်းအင်စက်ရုံတွေကို ဖျက်ဆီးမယ့် အစီအစဉ်ကို ၁၀ ရက်တာ ရပ်ဆိုင်းထားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် တနင်္လာနေ့ မြောက်အမေရိက အရှေ့ပိုင်း စံတော်ချိန် ည ၈ နာရီအထိ နောက်ဆုတ်လိုက်ကြောင်း ဒီထုတ်ပြန်ချက်ကနေတစ်ဆင့် အသိပေးအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အီရန်ဘက်က အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းရန် အရိပ်အယောင်ပြနေကြောင်း ထရမ့်၏ ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမေရိကန်ဘက်က အချက် ၁၅ ချက်ပါဝင်သော အပစ်ရပ်အဆိုပြုချက်ကို ပါကစ္စတန်မှတဆင့် အီရန်ဘက်သို့ ပေးပို့ထားကြောင်းလည်း ၎င်းက ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား အတည်ပြုပြောဆိုခဲ့သည်။

Source: Agencies

Photo: Reuters