ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ယနေ့ ရည်ညွှန်းစျေး ကျပ်ရှစ်ရာကျော်စျေးတက်သဖြင့် ဓာတ်ဆီတစ်လီတာလျှင် ၄၅၈၅ ကျပ်အထိ ဖြစ်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
မတ်လ ၂၆ ရက်က ထားဝယ်စျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ရည်ညွှန်းစျေး ၃၇၄၅ ကျပ် စျေးရှိရာမှ ယနေ့ မတ်လ ၂၇ ရက်တွင် ၄၅၈၅ကျပ်ဖြစ်လာပြီး တစ်ရက်အတွင်း တစ်လီတာ ၈၄၀ကျပ် စျေးတက်လာခြင်း ဖြစ်သည်။
ပြင်ပမှောင်ခိုစျေးကွက်တွင်မူ တစ်လီတာ ကျပ်နှစ်သောင်းအထိ ပေးဝယ်နေရပြီး ၂၂၀လီတာဆန့် ဓာတ်ဆီတစ်ပီပါလျှင် ကျပ်သိန်း ၂၀ ကျော် စျေးပေါက်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
အမေရိကန်၊ အစ္စရေး နှင့်အီရန်စစ်ပွဲ မတိုင်မီက ထားဝယ်စျေးကွက် ရည်ညွှန်းစျေးတွင် ဓာတ်ဆီတစ်လီတာလျှင် ၂၅၀၀ ကျပ်သာ စျေးရှိရာမှာ မတ်လ ၆ ရက်တွင် ၂၆၆၀ ကျပ်၊ မတ်လ ၁၃ ရက်တွင် ၂၉၆၅ ကျပ်၊ မတ်လ ၂၀ ရက်တွင် ၃၇၄၅ ကျပ်၊ ယနေ့ မတ်လ ၂၇ ရက်တွင် ၄၅၈၅ကျပ် ဖြစ်လာသည်။
ထို့ကြောင့် တစ်လနီးပါးအတွင်း ဓာတ်ဆီတစ်လီတာ ၂၀၃၅ ကျပ်အထိ စျေးတက်လာခြင်း ဖြစ်သည်။
စက်သုံးဆီ ပြတ်လပ်ခြင်း၊ စျေးတက်ခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရခြင်း စသည့် အခက်အခဲများကြောင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းအချို့ ရပ်ထားရသည်။
ကားခ၊ ဆိုင်ကယ်ကယ်ရီခ စသည့် သယ်ယူပို့ဆောင်ရေးစရိတ်လည်း နှစ်ဆစျေးတက်လာကာ အခြေခံစားသောက်ကုန် များလည်း မတ်လ ပထမပတ်ကစပြီး တဖြေးဖြေး စျေးတက်လာကြောင်း မြို့ခံများထံမှ သိရသည်။
“ကားခစျေးတက်လို့ ကုန်စျေးနှုန်တွေက နည်းနည်းချင်း တက်လာနေတယ်” ဟု ထားဝယ်မြို့ စည်ပင်သာယာစျေးတွင် စားသုံးကုန်စည် ရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မတ်လ ပထမပတ်က ၂၀လီတာ သောက်ရေသန့်တစ်ဘူး လဲလှယ်ခ ၁၈၀၀ ကျပ်ရှိရာမှ ယခု ၂၁၀၀ကျပ်၊ ပြည်တွင်းထုတ် ပဲဆီ တစ်ပိဿာ ၂၄၅၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၆၀၀ ကျပ်မှ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၃၅၀၀ကျပ် ဖြစ်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ထို့အပြင် ရန်ကုန်-ထားဝယ် ကုန်တင်ခစရိတ်မှာလည်း ကုန်စည်အမျိုးအစားအလိုက်အပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ် သုံးရာပေးရရာမှ ကျပ် ခြောက်ရာအထိ မြင့်တက်လာကြောင်း ထားဝယ်မြို့ရှိ ကုန်သည်အသိုင်းဝိုင်းထံမှ သိရသည်။
“အရင်က ကားတစ်စီးစာဆို သိန်းနှစ်ဆယ်နီးပါကျတယ်။ အခုက သိန်းလေးဆယ် နီးနီးကျတယ်” ဟု ကုန် သည် တစ်ဦးက ပြောသည်။
စက်သုံးဆီအခက်အခဲအပြင် ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ စစ်ရေးအခြေအနေတို့ကြောင့်လည်း ရန်ကုန်-ထားဝယ်လမ်းပိုင်းကို လိုက်မည့် ကုန်တင်ကားများ ရှားပါလာကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။







