ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲနဲ့ စားနပ်ရိက္ခာအကျပ်အတည်း

March 27, 2026

တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဓာတ်မြေဩဇာတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ကြားက ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရပါတယ်။ အခုအချိန်မှာတော့ အမေရိကန်-အစ္စရေးနဲ့ အီရန်အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အဲဒီရေလမ်းကြောင်းမှာ သင်္ဘောဖြတ်သန်းသွားလာမှုဟာ မဆိုစလောက်သာ ရှိပါတော့တယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်မြေဩဇာလို ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းက တရိပ်ရိပ် တက်လာနေပါတယ်။

“ကမ္ဘာ့တချို့နေရာတွေမှာဆိုရင် ဒီဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်းလောက်အထိ တက်သွားတာဖြစ်လို့ ဒါဟာ တကယ့်ကို သိသိသာသာ ဆိုးရွားတဲ့ အခြေအနေပဲ” လို့ Carnegie Endowment for International Peace ရဲ့ သုတေသီ နိုဧဂေါ်ဒွန်က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကူဝိတ်နဲ့ အီရန်တို့လို ပင်လယ်ကွေ့နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေဩဇာ ထုတ်လုပ်မှုရဲ့ အဓိကနေရာမှာ ရှိနေပါတယ်။ တခြားနိုင်ငံတွေရဲ့ ဓာတ်မြေဩဇာ ထုတ်လုပ်မှုမှာသုံးတဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္တုပစ္စည်းတွေလိုမျိုး ကုန်ကြမ်းတွေကိုလည်း ဒီနိုင်ငံတွေကပဲ အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

“တခြားနိုင်ငံတွေရဲ့ ဓာတ်မြေဩဇာထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ အချို့ပစ္စည်းတွေကလည်း ဒီနိုင်ငံ(စစ်ဖြစ်နေတဲ့နိုင်ငံ)တွေကနေ မရတော့လို့ ထုတ်လုပ်မှုထိခိုက်နေရပါတယ်” လို့ ဂေါ်ဒွန်က ဆိုပါတယ်။

ပါကစ္စတန်၊ အိန္ဒိယနဲ့ ဘရာဇီးတို့လို နိုင်ငံတွေဟာ ဒီပို့ကုန်ကုန်ကြမ်းတွေအပေါ် မှီခိုနေရပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ ရေနံဈေးတွေ အဆမတန် တက်သွားတာကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က စက်ရုံတချို့က ဓာတ်မြေဩဇာထုတ်လုပ်မှုကို လုံးဝရပ်နားလိုက်ပြီလို့ ဂေါ်ဒွန်က ပြောပါတယ်။

၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တုန်းကလည်း ကမ္ဘာ့ဓာတ်မြေဩဇာထုတ်လုပ်မှုမှာ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အရှေ့အလယ်ပိုင်းကနေ ဓာတ်မြေဩဇာတွေ တင်သွင်းတာလိုမျိုး အစားထိုးနည်းလမ်းတွေကို ကမ္ဘာ့နိုင်ငံတွေက ရှာဖွေနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ ထိပ်သီးစီးပွားရေးပညာရှင် မာဇီမိုတိုရဲရိုးက ဆိုပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ ဒီလိုမျိုး လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။

“ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဓာတ်မြေဩဇာတင်ပို့မှုတွေ ရပ်ဆိုင်းသွားတာဟာ ချက်ချင်းအစားထိုးဖို့ မလွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်ကို ဖြစ်ပေါ်စေပါတယ်။ နောက်ပြီး အပြည်ပြည်ဆိုင်ရာအဆင့်မှာ ရေနံကို မဟာဗျူဟာမြောက် စုဆောင်းထားလိုမျိုး ဓာတ်မြေဩဇာကို စုဆောင်းထားတာ မရှိဘူး”လို့ တိုရဲရိုက ပြောပါတယ်။

“တောင်အာရှမှာဆိုရင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတွေက ချက်ချင်းဆိုသလို ထိခိုက်မှုအများဆုံး ခံစားရပါလိမ့်မယ်။ အာဖရိကအရှေ့ပိုင်းမှာတော့ ဆူဒန်၊ ကင်ညာနဲ့ ဆိုမာလီနိုင်ငံတွေက ထိခိုက်မှုအများဆုံး ခံစားရပါလိမ့်မယ်။ အရှေ့အလယ်ပိုင်းမှာတော့ တူရကီနဲ့ ဂျော်ဒန်တို့ ဖြစ်ပါလိမ့်မယ်” လို့ တိုရဲရိုးက ပြောပါတယ်။

ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ထိခိုက်မလဲဆိုတာကတော့ ဒေသတစ်ခုချင်းစီရဲ့ စိုက်ပျိုးရာသီအပေါ်မှာ မူတည်နေပါတယ်။

အိန္ဒိယနိုင်ငံမှာ တောင်သူတွေဟာ ဓာတ်မြေဩဇာဈေးနှုန်း အဆမတန် ကြီးမြင့်နေမှုအပေါ် စိုးရိမ်နေကြတယ်လို့ နယူးဒေလီအခြေစိုက် အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာမူဝါဒသုတေသနဌာနက သုတေသီ အာဗီနက်ရှ်ကီရှိုးက ဆိုပါတယ်။ ဇွန်လမှာ စတင်မယ့် စိုက်ပျိုးရာသီအတွက် ဓာတ်မြေဩဇာ လုံလုံလောက်လောက် ရပါ့မလားဆိုတာကို အိန္ဒိယတောင်သူတွေ စိုးရိမ်နေကြတယ်လို့ သူက ပြောပါတယ်။

“ဓာတ်မြေဩဇာနဲ့ တခြားစိုက်ပျိုးရေးသွင်းအားစုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အခုကတည်းက စတင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ စစ်ပွဲက သိပ်ကြာသွားမယ်ဆိုရင် နောက်လာမယ့် စိုက်ပျိုးရာသီမှာ ဘာတွေဖြစ်လာမလဲဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်” လို့ သူက ပြောပါတယ်။

ဟော်မုဇ်ရေလက်ကြား လုံးဝနီးပါး ပိတ်ဆို့ထားမှုနဲ့ အဲဒါရဲ့ အကျိုးဆက် ရေနံဈေးတက်လာတာတွေက စားနပ်ရိက္ခာ ထုတ်လုပ်မှုကို တခြားနည်းလမ်းတွေနဲ့လည်း ထိခိုက်လာစေလိမ့်မယ်လို့ တိုရဲရိုက ပြောပါတယ်။

“ခင်ဗျားအနေနဲ့ လူသုံးကုန်ပစ္စည်းတွေ စိုက်ပျိုးထုတ်လုပ်မယ်ဆိုရင် ထွန်စက်တွေ လိုအပ်တယ်။ စက်သုံးဆီနဲ့ မောင်းနှင်ရတဲ့ စက်ကိရိယာတွေလည်း လိုတယ်။ ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ ပြောင်းဖူး ဒါမှမဟုတ် တခြားကုန်ပစ္စည်းတွေကို ဈေးကွက်ထဲ ပို့ချင်တဲ့အခါ သယ်ယူပို့ဆောင်ရေးလုပ်ဖို့ လိုအပ်တယ်။ အဲဒါကလည်း စက်သုံးဆီကို လိုအပ်တယ်” လို့ သူက ပြောပါတယ်။

အကျိုးဆက်အနေနဲ့ “ဈေးကွက်ထဲမှာ စားနပ်ရိက္ခာတွေ နည်းပါးသွားပြီး ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းတွေလည်း မြင့်တက်လာလိမ့်မယ်” လို့ သူက ပြောပါတယ်။

ဆန်စပါးကို ဥပမာအနေနဲ့ ကြည့်ဖို့ တိုရဲရိုက ဆိုပါတယ်။ ဆန်စပါးဟာ တောင်အာရှတစ်ခွင်က စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေရဲ့ စားသောက်နေထိုင်မှုပုံစံအတွက် အင်မတန် အရေးပါပါတယ်။

“ဒီဒေသဟာ အင်မတန် ဆင်းရဲတဲ့အတွက် အိမ်ထောင်စုအသုံးစရိတ်ရဲ့ ထက်ဝက်လောက်ကို စားဝတ်နေရေးအတွက်ပဲ သုံးနေကြရပါတယ်။ ဒါကြောင့် စားသောက်ကုန်ဈေးနှုန်း အနည်းငယ် မြင့်တက်ရုံနဲ့တင် မိသားစုတွေရဲ့ ရှင်သန်ရပ်တည်ရေးအပေါ်မှာ ပိုမိုကြီးမားတဲ့ သက်ရောက်မှု ရှိစေပါတယ်” လို့ သူက ရှင်းပြပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားတာမျိုးက မိသားစု သန်းရာပေါင်းများစွာအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ ကီရှိုးက ဆိုပါတယ်။ ဒီလို အခြေအနေမျိုးမှာ အထူးသဖြင့် ကလေးသူငယ်တွေအဖို့ အာဟာရချို့တဲ့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ဘရာဇီးနဲ့ အိန္ဒိယလို စားနပ်ရိက္ခာ အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေက တောင်သူတွေအတွက် နောက်ထပ် စိုးရိမ်စရာကတော့ စစ်ပွဲကြောင့် ပို့ကုန်ဈေးကွက် ထိခိုက်နေတာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဆီက ထွက်တဲ့ စားသောက်ကုန်အမြောက်အမြားကို အီရန်အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံတွေကို တင်ပို့နေတာပါ။ အခုတော့ အဲဒီ ပို့ကုန်တွေလည်း ထိခိုက်နေရပါပြီ” လို့ ကီရှိုးက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ နာမည်ကြီး ဘာစမာတီဆန် အပါအဝင် ဆန်အမျိုးမျိုးနဲ့ သရက်သီး၊ စပျစ်သီးတို့လို သစ်သီးဝလံတွေကို ထုတ်လုပ်တင်ပို့ပါတယ်။

“ပင်လယ်ကွေ့နိုင်ငံတွေဟာ အိန္ဒိယထုတ်ကုန်တွေကို အမြောက်အမြား တင်သွင်းနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါက ဈေးနှုန်းသတ်မှတ်ချက်တွေအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်” လို့ ကီရှိုးက ပြောပါတယ်။

ဒါပေမဲ့ လာမယ့် သီတင်းပတ်တွေအတွင်း ဟော်မုဇ် ရေလက်ကြားကို နိုင်ငံတကာ သင်္ဘောလိုင်းတွေအတွက် ပြန်ဖွင့်ပေးမယ်ဆိုရင်တော့ ဒီအခက်အခဲဟာ ခဏတာပဲ ဖြစ်ပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုလည်း အများကြီး ထိခိုက်မှာမဟုတ်ဘူးလို့ တိုရဲရိုက ပြောပါတယ်။

“ဈေးကွက်တွေ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာပြီး ဈေးနှုန်းတွေ ပြန်ငြိမ်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။

(NPR သတင်းဌာနက ဖော်ပြထားသည့် How the Iran war threatens global food supply ဆောင်းပါးကို မူရင်းအာဘော်မပျက် ဆီလျော်အောင် ဘာသာပြန်သည်)

စျာန်ဟိန်း