ထားဝယ်မြို့အဝင်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ယနေ့ မတ်လ ၂၇ ရက် နံနက်ပိုင်းက စက်သုံးဆီ ဝယ်ယူရန် တန်းစီနေသည့် အဘိုးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပူရှိန်ကြောင့် မူးမေ့လဲကျကြောင်း မြို့ခံများထံမှ သိရသည်။
အိမ်ရှေ့ပြင်ရပ်ကွက် မြို့ အဝင်စစ်ဆေးရေးဂိတ်အနီးရှိ ဇီဇဝါ စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်ဖြင့် စက်သုံးဆီ လာရောက် တန်းစီစောင့်ဆိုင်းနေသည့် အသက် ၇၀ အရွယ်အဘိုးနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးတို့ မူးမေ့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အသက်ကြီးအမျိုးသားကတော့ တက်တယ်၊ အကြောတွေ ဆွဲလာတယ်။ အမျိုးသမီးတစ်ယောက်လည် မူးဝေပြီး နေမကောင်း ဖြစ်လာတယ်။ အဲဒီမှာ ဆီတန်းစီနေတဲ့သူတွေကပဲ ဝိုင်းပြီးပြုစုပေးခဲ့တာ” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်တို့တွင် မတ်လ ပထမပတ်ကစပြီး စက်သုံးဆီဝယ်ယူရန် လူတန်းရှည်ဖြင့် တန်းစီစောင့်ဆိုင်းချိန် အပူရှိန်ကြောင့် မူးမေ့လဲကျသူ အမျိုးသမီးငါးဦးနှင့် အမျိုးသားနှစ်ဦးအထိ ရှိလာပြီဖြစ်သည်။
ထို့ကြောင့် မတ်လ ၂၄ ရက်မှစတင်ကာ ထားဝယ်အခြေစိုက် ပရဟိတအရေးပေါ်လူနာတင်ယာဉ်များလည်း စက်သုံးဆီဆိုင်နှင့် အနီးအနားတို့တွင် အဖွဲ့ခွဲ နေရာယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။
မတ်လ ၂၆ရက် ထားဝယ်မြို့၏ အများဆုံး ပျမ်းမျှအပူချိန်သည် ၃၈ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး တိုင်းအတွင်း အများဆုံးဖြစ်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မြိတ်မြို့တွင် ၃၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နှင့် ကော့သောင်းမြို့တွင် ၃၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ဖော်ပြသည်။
ပူပြင်းသည့် နွေရာသီကြောင့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်မှုများလည်း ရှိနေသည်။
မဖြစ်မနေ ခရီးသွားရလျှင် ထီး၊ ဦးထုပ် ဆောင်းရန်နှင့် တတ်နိုင်သမျှ အရိပ်ရသောနေရာများတွင် နေထိုင်ရန်၊ အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေရန် လက်၊ လည်ပင်းနှင့် ပုခုံးတို့ကို လုံခြုံသော အရောင်ဖျော့သည့် ပွပွ ချောင်ချောင် ခြည်ထည်များကို ဝတ်ဆင်ရန်၊ ရေများများသောက်ရန် စစ်ကော်မရှင်၏ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။







