ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ကြဲရွာသားများပိုင်ဆိုင်သည့် ‌ရော်ဘာပင်များကို စစ်အာဏာရှင်တပ် ခုတ်လှဲရောင်းချ

February 27, 2026

ပုလောမြို့နယ်၊ ပလမြို့၊ ကြဲရွာတွင် ဒေသခံများပိုင်ဆိုင်သည့် ရော်ဘာခြံများရှိ ရော်ဘာပင်များကို စစ်အာဏာရှင်တပ်က ခုတ်လှဲပြီး ရောင်းချ‌နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်မှစကာ ကြဲရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်က ယနေ့အထိ တပ်စွဲနေထိုင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုသို့ တပ်စွဲထားချိန် ဒေသခံများစိုက်ပျိုးထားသည့် ရော်ဘာပင်များကို ခုတ်လှဲ ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ရော်ဘာပင်တွေကို ခုတ်ရောင်းနေတာလို့ ကြားနေရတာကြာပြီ။ အဲဒီလောက် ဆိုးဆိုးဝါးဝါးဖြစ်မယ် မထင်ထားဘူး။ ခြံတွေမှာ အပင်တွေ မရှိသလောက်ဖြစ်နေပြီလို့ မြင်တဲ့သူတွေက လာပြောပြကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ခုတ်လှဲရောင်းချသည့် ရော်ဘာပင်များကို မည်သူ့ထံရောင်းချပြီး မည်ကဲ့သို့ အသုံးပြုနေသည်ကိုမူ အတိအကျ မသိရသေးပေ။

ကြဲရွာတွင် ရော်ဘာပင်ကို အဓိက စိုက်ပျိုးကြပြီး ရော်ဘာခြံစုစုပေါင်း အကျယ်အဝန်းက ဧကတစ်ထောင်ကျော် ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်အာဏာရှင်တပ်က ကျေးရွာအတွင်းတပ်စွဲထားသဖြင့် ရွာသားများက ရော်ဘာ မခြစ်ကြတော့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရော်ဘာပင်တွေကို ခုတ်နေကြတယ်။ ထင်းတိုက်ရောင်းကြတယ်ထင်တယ်။ စစ်သားမိသားစုတွေရော လာခုတ် နေကြတယ်။ ရွာထဲကိုလည်း မပြန်ရဲကြဘူးလေ။ ဘယ်လောက်အထိ ပါသွားလဲတော့ အတိအကျမသိရဘူး။ များတော့ များတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကလည်း ကြဲရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ရော်ဘာခြံများကို မီးရှို့သဖြင့် ဧက ၅၀ကျော် မီးလောင်ပျက်စီးခဲ့သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။