သရက်ချောင်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က ယခုဖေဖော်ဝါရီလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ယနေ့တွင် ၁၁ ရက်မြောက်အထိ ရှိလာကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
သရက်ချောင်းမြို့နှင့် ပလောက်မြို့ကြား ပြည်ထောင်စုလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စစ်အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲများစတင်ဖြစ်ပွားသည်။
အဆိုပါလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့နယ် သဲချောင်းကြီးကျေးရွာကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် လေယာဉ်အသုံးပြုပြီး စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၁၂ရက်၊ ၁၇ရက်၊ ၁၈ရက်၊ ၁၉ရက်၊ ၂၀ရက်၊ ၂၃ရက်၊ ၂၄ရက်၊ ၂၅ ရက်၊ ၂၆ရက်နှင့် ယနေ့ ၂၇ ရက်တို့တွင်လည်း ဝင်းဝစခန်း အနီးဝန်းကျင်နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။
စစ်အာဏာရှင်တပ်က သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝင်းဝ၊ ချောင်းဝပြင်၊ ချောက်ချောင်း၊ စုံစင်ဖျား၊ ပြင်းဖြူသား၊ ဂုံညှင်းဆိပ်၊ ကနက်သီရိကျေးရွာများကို K8W တိုက်လေယာဉ် ၊ Y12 လေယာဉ်၊ Mi 2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက် သလို စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံများက ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၈နာရီ ၄၀ မိနစ်ခန့်တွင် ဝင်းဝစခန်း အနီးဝန်းကျင်နှင့် ဝင်းဝ၏မြောက်ဘက် အဖြောင့်တိုင်းတာလျှင် လေးမိုင်ကျော် အကွာတွင် ရှိသည့် ပြင်းဖြူသားရွာတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ပြင်းဖြူသားရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ရွာဦးစေတီနှင့် သိမ်အဆောက်အအုံ ထိခိုက်ပျက်စီးပြီး ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှု၊ နှစ်ဖက်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံများ စစ်ဘေးရှောင်နေရပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။







