ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသထွက်ကုန်အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လည်ပတ်ရန်ခက်ခဲ

February 27, 2026

တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့ကာ ယခုလအတွင်း ဒေသထွက်ကုန်များ အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လုပ်ငန်းလည်ပတ်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ပွဲရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ပထမအပတ်ကစပြီး မြိတ်-ထားဝယ်လမ်းပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကုန်းလမ်းများ ပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုပြတ်တောက်နေကြောင်း ၎င်းတို့က ပြောသည်။

ထို့ကြောင့် ထားဝယ်မြို့ရှိ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်စေ့ ပွဲရုံလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အခုသီဟိုဠ်ဆိုရင် ပုလော၊ သရက်ချောင်းဘက်က ပစ္စည်းအကုန်လုံး လမ်းပိုင်းမှာ ပိတ်နေတယ်။ တက်လာလို့မရဘူး။ ရှိတဲ့ ပစ္စည်းကလည်း အခုအခြောက်လှန်းပြီး အခု ထခွဲလို့ မရဘူးဆိုတော့ တစ်ပတ်၊ နှစ်ပတ်လောက် ရုံပိတ်ရဖို့ အခြေအနေရှိ နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ဒေသထွက်ကုန်ပစ္စည်းများကို သရက်ချောင်း၊ ပုလော၊ ပလ၊ ထားဝယ်အရှေ့တောနှင့် ရေဖြူမြို့နယ်တို့ဘက်က ထားဝယ်စျေးကွက်သို့ အများဆုံး တင်ပို့ရောင်းချလေ့ရှိသည်။

“အရှေ့တောနဲ့ ရေဖြူဘက်ကလာတဲ့ ပစ္စည်းတွေပဲရှိတော့တယ်။ သရက်ချောင်းဘက်ကတော့ ရတဲ့ နည်းနဲ့သယ်လာတဲ့ ပစ္စည်းတွေ လောက်ပဲရတယ်။ သရက်ချောင်းဘက်က လုံးဝ မဝင်သလောက်ဖြစ်တာပေါ့” ဟု ထားဝယ်မြို့ပေါ်ရှိ သီဟိုဠ်၊ ကွမ်းသီး ပွဲရုံလုပ်ငန်းလုပ်သူတစ်ဦးက ပြောသည်။

ယင်းအပြင် ရော်ဘာလုပ်ငန်းလုပ်သူအချို့မှာလည်း ပို့ဆောင်ရေးအခက်အခဲကြုံနေကြရပြီး ယခုဖေဖော်ဝါရီ ပထမအပတ်က ထားဝယ်မြို့မှ မြိတ်မြို့သို့ ရော်ဘာ ကုန်များ သွားရောက်ပို့ဆောင်သည် ကုန်တင်ယာဉ်များလည်း တိုက်ပွဲကြောင့် ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။

“ကျွန်မတို့ရုံကဆိုရင် ကားတစ်စီး ရော်ဘာအပြည့်နဲ့ လူနှစ်ယောက် ရှေ့တိုးလို့မရ၊ ပြန်လှည့်လို့မရနဲ့ တော်တော် ဒုက္ခရောက် ရတယ်။ အခုဆိုရင် ဆယ်ရက်ကျော်ကျော် ရှိနေပါပြီ” ဟု ရော်ဘာလုပ်ငန်းလုပ်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မြိတ်-ထားဝယ်လမ်းပိုင်း ပိတ်ဆို့ခံထားရချိန် အချို့ကုန်သည်များမှာ ရေလမ်းကြောင်းမှ ထားဝယ်မြို့သို့ ဒေသထွက်ကုန် များကို သယ်ယူရန်ကြိုးစားနေကြကြောင်း စုံစမ်းသိရသည်။

လက်ရှိ ထားဝယ်စျေးကွက်တွင် ကွမ်းသီးခြောက် အခြမ်း တစ်ပိဿာ ၁၁၀၀၀ကျပ်နှင့် ၁၂၅၀၀ကျပ်ကြားစျေးရှိပြီး သီဟိုဠ်စေ့ တစ်ပိဿာ ၇၂၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကြား စျေးရှိနေသည်။

မြိတ်-ထားဝယ်လမ်းနှင့် သရက်ချောင်း-ထားဝယ်လမ်းပိုင်းတို့တွင် ဖေဖော်ဝါရီလ ပထမပတ်ကစပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား စစ်ရေးတင်းမာကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ကုန်စီးဆင်းမှု ပြတ်တောက် နေသည်မှာ ရက် ၂၀ နီးပါးအထိရှိလာပြီ ဖြစ်သည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းက ပစ်ခတ်သောကြောင့် ကုန်တင်ယာဉ် ယာဉ်မောင်းတစ်ဦး သေဆုံးပြီး ယာဉ်နောက်လိုက် နှစ်ဦးနှင့် ဒေသခံနှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့နယ်တွင် ယခုလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါး လုပ်ဆောင်နေသည်။