ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဇွန်ဘီတွေနေတဲ့ နိုင်ငံ‌တော်

January 27, 2026

အပိုင်း (၂) အသက်ငင်နေတဲ့ မြို့

လူ့အသိစိတ် မရှိတော့တဲ့ ဇွန်ဘီ‌ကောင်တွေဟာ ကျနော်တို့ မြို့တွင်း ထကြွသောင်းကြမ်းနေကြောင်း မီဒီယာတွေမှ ခေါင်းစည်းသတင်းဖြင့် ကြေညာနေခဲ့သည်။

ယခင်က ထိုမြို့တော်ကြီးသည်၏ လမ်းမများမှာ လူသွားလူလာပြည့်နှက်ခဲ့သော်လည်း ယခုအခါတွင် ဆိုင်ရှပ်တာများ အောက်ချထားလျက်၊ လမ်းမပေါ်တွင် ကြွေကျနေသော ကြော်ငြာစက္ကူများနှင့် ဖုန်မှုန့်များသာ လေတိုက်ရာအတိုင်း လိမ်လည်လှုပ်ရှားနေကြသည်။

ညမထွက်ရ အမိန့် ထုတ်ထားသည့် အားလျော်စွာ အခါအားလျော်စွာ ခွင့်ပြုသည့်နေ့မှတပါး လမ်းမများသည် လူသူ ကင်းမဲ့လျက် သရဲမြို့တော်ကြီးပမာ ခြောက်ကပ်လွန်းလှသည်။

တိုက်တာ အိမ်အိုကြီးများ၏ နံရံများပေါ်တွင် မပျက်သေးသည့် သွေးစများ၊ အရောင်ပျက်သွားသော ဆောင်ပုဒ်များ၊ အမိန့်ကြေညာစာရွက်များက မြို့တော်ကြီးတစ်ခုလုံးမှာ အသက်ရှူသံပါးပါးဖြင့် မျက်စိမဖွင့်ချင်တော့သည့် လူနာကြီးတစ်ယောက်လို တိတ်ဆိတ်စွာ အိပ်ပျော်နေသလိုပင်။

မြို့နှင့်အလှမ်းဝေးရာ တောကြိုတောင်ကြားအရပ်သို့ စောလျင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့သည့် သူလူတစုမှာ သူတို့မြို့အတွင်း ဖြစ်ပျက်နေသမျှ အဖြစ်အပျက်တွေကို ရေဒီယိုမှာ နားထောင်ရင်း သူတို့ ‌မြို့ကြီးအတွက် ရတက်မအေးဖြစ်နေကြရသည်။

ထိုလူတသိုက်ထဲမှာ အမေးအမြန်းထူသည့် လူငယ်တဦးက ညည်းတွားလိုက်သည်။
“ငါတို့ မြို့ကြီးဟာ ဒီလိုပဲ ပြီးဆုံးသွားတော့မှာလား”

သူတို့ကို ကယ်တင်ထားသည့် ခေါင်းဆောင်ဆိုသူက သက်ပြင်းချ၍ ပြန်ပြောသည်။

“ဒီလိုတော့ အပြီးခံလို့ ဘယ်ရမလဲ”

ထိုစဉ် ကလေးငယ်တဦးက

“သားတော့ မြို့ထဲက လူတွေလို ဇွန်ဘီ ဖြစ်သွားမှာကို ကြောက်တယ်” ဟု စိုးရိမ်ထိတ်လန့်သည့် မျက်နှာလေးဖြင့် ဆိုရှာသည်။

ထိုအခါ ကလေးငယ်၏ အမေ ဖြစ်ဟန်တူသူက

“သားရယ် . . . မြို့ထဲကလူတွေက ပျော်နေကြတာမဟုတ်ပါဘူး။ သူတို့က နာကျင်လွန်းလို့ ဘာမှမခံစားရတော့တဲ့ အခြေအနေရောက်သွားကြတာ။ အသိစိတ်ကို ခေတ္တပိတ်ထားမှ အသက်ဆက်လို့ရမယ့် ငရဲခန်းထဲမှာ သူတို့ ရုန်းကန်နေရတာပါ သား”

ထိုစကား၏နောက်တွင် ခေါင်းဆောင်ဆိုသူက မဆိုင်းမတွပဲ

“မြို့ထဲက လူတိုင်း ဇွန်ဘီဖြစ်ကုန်တာတော့ မဟုတ်ဘူးပေါ့ဗျာ” ဟု ခေါင်းဆောင်က လေသံကို လျှော့ကာ ပြောလိုက်သည်။

“ငါတို့ မြို့ထဲမှာ အခုထိ အလင်းမပြတ်သေးတဲ့သူတွေ ရှိနေပါသေးတယ်။ သူတို့က ဇွန်ဘီတွေကြားထဲမှာ ဖုန်ထူသမျှ ခံနေကြရတာ။ ငါတို့ ရဲဘော်တွေ မြို့ထဲမှာ အသက်ရှူနေသရွေ့ ဒီမြို့ဟာ ဇွန်ဘီမြို့တော် လုံးလုံးလျားလျား ဖြစ်မသွားသေးဘူး။ သူတို့က မြို့ရဲ့ နှလုံးခုန်သံကို အသက်ဆက် ထိန်းထားပေးတဲ့သူတွေ ဒီမြို့ကြီးထဲ ရှိနေကြသေးတယ်။”

ခေါင်းဆောင်ဆိုသူ၏ ပြောစကားသည် ရေဒီယိုနားထောင်နေသောရဲဘော်များကို ပြောနေသည်နှင့် မတူဘဲ သူတဦးတည်း အမှောင်ထဲမှာ အလင်းစက်ပျောက်လေးကို ငေးကြည့်ပြီး ဒါကိုပဲမျှော်လင့်ချက်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် ပြန်သတိပေးနေပုံပေါက်သည်။ ပြီးတော့ ကျန်ရဲဘော်များဖက်လှည့်ကာ

“အဲဒီ ဇွန်ဘီအုပ်ကြီးကြားထဲမှာပဲ ငါတို့ရဲ့ မြေအောက်တော်လှန်ရေး သမားတွေ၊ အမှန်တရားကို မြိုသိပ်ထားရတဲ့ ပြည်သူတွေဟာ ဇွန်ဘီယောင်ဆောင်ရင်း ဗိုင်းရပ်စ်ကို အံတုနေကြတာ။ သူတို့က နေ့ဘက်မှာ ဇွန်ဘီတွေနဲ့အတူ သီချင်းဆိုပြနေရပေမယ့် ညဘက်မှာတော့ မြို့ကြီး ပြန်နိုးထလာဖို့အတွက် နည်းလမ်းရှာနေကြတာ။ သူတို့က ငါတို့ထက်တောင် ပိုပြီး သူရဲကောင်းဆန်ကြပါသေးတယ်။”

ထိုစကားလုံးများ၏နောက်မှာတော့ သူတို့ ခေတ္တခိုလှုံရာ တဲငယ်လေး အတွင်း ရေဒီယိုအသံမှတပါး စကားသံများ တိတ်ဆိတ်ငြိမ်သက်သွားသည်။

တကယ်တော့ မြို့ကြီးထဲ ဇွန်ဘီကောင်တွေပွားများလာသည်မှာ နေ့ချင်းညချင်း ဖြစ်လာခဲ့တာမဟုတ်ခဲ့။ နှစ်နှင့်ချီပြီး လူယုတ်မာ တစု၏ လောဘစိတ်ကြောင့် ဗိုင်းရပ်စ်တမျိုးကို ပြည်သူတွေထံ စမ်းသပ်ခြင်းမှ နောက်ဆက်တွဲ ဆိုးကြိုးအနေဖြင့် ယခုကဲ့သို့ အသိခေါက်ခက်သော ဇွန်ဘီမျိုးဆက်ပွား များလာရခြင်းဖြစ်သည်။
လောဘသား လူ့မိစ္ဆာတစုကတော့ ထိုဖြစ်ရပ်ကို ငြိမ်ဝပ်ပိပြားခြင်း၊ အေးချမ်းတည်ငြိမ်ခြင်းဟု ခေါင်းစဉ်တပ်ကြသည်။

မြို့ပေါ်‌တွင်ကူးစက်ခံနေရသည့် ဗိုင်းရပ်စ်မှာ ထူးခြားပြီး စိုးရိမ်ဖို့ကောင်းသည်။ ထို ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အများစုမှာ ကိုယ်ချင်းစာတရား ကင်းမဲ့ကုန်ကြပြီး မိမိ အနေသာဖို့သာ တွေးတောတတ်သူများဖြစ်လာကြသည်။ ထိုသို့ တွေးခေါ်ခြင်းကိုပင် သူတို့၏အမှန်တကယ် လွတ်မြောက်ခြင်းဟု ထင်နေကြသည်။

ထို ဗိုင်းရပ်စ် ကူးစက်ခံရသူတို့၏ အသိစိတ်ထဲတွင် –

“သူ့တို့မျက်လုံး အရှေ့‌တွင် သွေးထွက်သံယိုဖြစ်ခဲ့ဖူးသည့် မှတ်ဉာဏ်များကို မမှတ်မိတော့။

“မျက်ရည်ယိုဗုံးများဖြင့် ယမ်းငွေ တထောင်းထောင်းထနေသည့် နေ့စွဲတွေကို သတိမမူမိကြတော့။

“ဆိုင်ကယ်စီးလာသည့် ကလေးငယ်သုံးယောက်၏ နားထင်ကို သေနတ်ဖြင့် တေ့ပစ်ခဲ့သည့် ဖြစ်ရပ်ဆိုးကြီးကို သတိမမူမိကြတော့။

“အူပွင့်နေသည့် လူတယောက်ကို ခွေးသေကောင် တကောင်လို ဒရွတ်တိုက်ဆွဲသွားသည့် မြင်ကွင်းတွေကို မသိရှိကြတော့။ ဒီဂျေးတီးလုံးများဖြင့် ကဖို့ ခုန်ဖို့ ပျော်မြူးဖို့သာလျှင် အသိစိတ်ရှိကြတော့သည်။

မြို့တော်ကြီး‌တွင် ဇွန်ဘီများဖြင့် ပြည့်နှက်နေသော်လည်း မြို့နဲ့ မလှမ်းမကမ်းဒေသများတွင် လောဘသား အာဏာရူးများက လူ့ အသိစိတ်ကျန်ရှိနေသူများကို ဇွန်ဘီဇာတ်သွတ်သွင်းရန် ကြိုးပမ်းမှုကြောင့် အထိကရုန်းများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

ဇွန်ဘီများ အဖို့‌တော့ မီးဟုန်းဟုန်းတောက်နေသော ကျေးရွာများ၊ သွေးရဲရဲနီနေသော လမ်းမများသည် ငါတို့နဲ့ မဆိုင်၊ ငါ‌တို့ ပျော်ရွှင်မှုသည် စစ်မှန်ခြင်း တရားဟုသာ မှတ်ယူထားကြပုံပေါ်သည်။ ထိုသို့ မျက်နှလွှဲခဲပစ် ပြုမူနေထိုင်းခြင်းကိုပင် ကြားနေဝါဒ (သို့မဟုတ်) ငြိမ်းချမ်းရေး လမ်းစဉ်ဟု မှတ်ယူထားပုံပေါ်သည်။

“ကျနော်တို့ မြို့ကြီးက အသက်ငင်နေတဲ့ လူနာကြီးကျနေတာပဲ” လို့ အစောက ကောင်လေးက ဆိုတော့ ရေဒီယိုနားထောင်နေသူ အမျိုးသမီးတဦးက

“ဟုတ်တယ် မနက်က လေယာဉ်ဗုံးကြဲလို့ အသက်ထွက်လု ဖြစ်နေတဲ့ လူတယောက်လိုပဲ” ဟုထပ်ဆင့် မှတ်ချက်ပြုရှာသည်။ တခြားတယောက်က

“ငါ့တို့ လူမျိုးက ခေတ် အဆက်ဆက် ဗီဇပါလာတယ်ထင်ပါရဲ့။ ငါတို့ ဟစ်ကြွေးနေတဲ့ နိုင်ငံတော်ဟာ ဘယ်လို စိတ်ဝမ်းရှိသလဲ နားလည်ရ အတော်ခက်တာပဲ” ဟု ဝင်ပြောသည်။

ထိုသို့ တယောက်တပေါက်ပြောနေသော စကားလုံးများ၏နောက်တွင် ခေါင်းဆောင်ဆိုသူက –

“တကယ်တော့ မြို့ထဲက သူတိုင်းဟာ ဇွန်ဘီတွေမဟုတ်ပါဘူး။ သူတို့က အသက်ရှင်လျက်နဲ့ အသုဘအခမ်းအနား ကျင်းပခံနေရတဲ့သူတွေပါ။ သူတို့မှာ အော်ဟစ်ဖို့ အားမရှိတော့တာ။ ငါတို့က သူတို့ကို မုန်းရမှာမဟုတ်ဘူး၊ သူတို့ကို ဒီလိုဖြစ်အောင်လုပ်တဲ့ ဗိုင်းရပ်စ်ကိုပဲ အမြစ်ဖြတ်ရမှာ” ဟု တစုံတခုကို ယုံကြည်နေသည့် အသံဖြင့် စကားဝိုင်းကို အဆုံးသတ်စေခဲ့သည်။

ညဟာ ပိုပို အအေးပိုလာသည်။ တဲနဘေးမှာ ပုံထားတဲ့ မီးပုံငယ်လေးဟာ တမြေ့မြေ့ ကျွမ်းလောင်ဆဲ။ မြို့ထဲမှာ ဇွန်ဘီများ ကခုန်ဆဲ။ မြို့ပြင်မှာ ဗုံးသံများ၊ သေနတ်သံများ ညံနေဆဲ။

နော်ကောင်း