ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄ ရပ်ကွက်ကို စစ်အာဏာရှင်တပ်က ယနေ့ (ဇန်နဝါရီ ၂၇) နေ့လယ်ပိုင်းတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၇၀ ကျော်မီးလောင်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပလမြို့ရဲစခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ပြည်သူအချို့သာ နေထိုင်သည့် အမှတ် ၄ ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) ရှိ နေအိမ် ၇၀ ကျော်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စစ်သားတွေက ဟိုနားငါးအိမ်၊ ဒီနားငါးအိမ် တစ်ကွက်စီ ကွက်ကြား၊ ကွက်ကြား မီးလာရှို့ပြီး ပြန်ထွက်သွားတယ်။ တော်လှန်ရေးတပ်က မီးလာငြိမ်းပေးလိုက်တယ်။ ရွာထဲမှာက လူသိပ်မနေကြဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၄ ရက်မှ စကာ ပလမြို့နှင့် အနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ရက်ရှည်တိုက်ပွဲ ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုများ မကြာခဏပြုလုပ်နေကြောင်း၊ ယင်းကြောင့် မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အနည်းငယ်သာ နေအိမ်များတွင် ဆက်လက်နေထိုင်ကြကြောင်း ဒေသခံများက ဆိုသည်။
ပလစခန်းသိမ်းတိုက်ပွဲကတည်းက ပလမြို့ခံများမှာ စစ်ရှောင်နေကြပြီး ငွေကြေးမတတ်နိုင်သူ အနည်းအကျဉ်းသာ မြို့ထဲတွင် နေထိုင်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။
“ဒီအတိုင်း ဆင်းရှို့တာ (တိုက်ပွဲမဖြစ်ဘဲ)။ လူသိပ်မရှိတော့ သက်သက်ကို ဝင်ရှို့တယ်။ ပလအောက်ပိုင်းဘက် ကျတယ် (မီးရှို့ခံရသည့်နေရာ)။ တပ်ဖွဲ့ဝင် (တော်လှန်ရေးတပ်) တွေပဲ မီးသွားငြိမ်းပေးလိုက်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်အချို့က ပြောသည်။
မီးရှို့ခံရသည့် နေအိမ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်ငြှိမ်းသတ်ရာ ညနေပိုင်းတွင် မီးငြိမ်းသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
စစ်အာဏာရှင်တပ်က လူနေအိမ်များ မီးရှို့မှုမကြာခဏပြုလုပ်လေ့ရှိပြီး အထူးသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ကျေးရွာများကို မီးရှို့လေ့ရှိသည်။
၂၀၂၅ ခုနှစ်အတွင်း တနင်္သာရီတိုင်းတွင် စစ်အာဏာရှင်တပ်မီးရှို့မှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ် ၇၀၀ ကျော်ခန့်ရှိကြောင်း Fe5 တနင်္သာရီအဖွဲ့၏ အစီရင်ခံစာအရသိရသည်။







