ရွှေဈေးတစ်ဘတ်လျှင် ဘတ် ၇၀,၀၀၀ ကျော်လာသဖြင့် ထိုင်းနိုင်ငံတွင် ရွှေဆိုင်အချို့ ပိတ်သိမ်းရနိုင်ဖွယ်ရှိနေကြောင်း ထိုင်းရွှေကူးသန်းရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောကြားလိုက်သည်။
ယင်းကဲ့သို့ မထင်မှတ်ထားလောက်အောင် ရွှေဈေး မြင့်တက်လာသဖြင့် ယခုနှစ်အတွင်း ရွှေဆိုင်ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းရနိုင်ခြေရှိကြောင်း ဥက္ကဋ္ဌ Jitti Tangsitpakdee က ပြောသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထိုင်းရွှေဈေးသည် တစ်ဘတ်လျှင် ဘတ် ၇၄,၄၀၀ ကျော်နေပြီဖြစ်ပြီး၊ ဇန်နဝါရီလ ၂၀ ရက်နေ့နောက်ပိုင်းမှစ၍ ထိုင်းရွှေဈေး ဘတ် ၇၀,၀၀၀ ကျော်လာခြင်းဖြစ်သည်။
အခေါက်ရွှေဝယ်ယူမှု ပိုများလာပြီး ရွှေထည်ပစ္စည်း ဝယ်လိုအား ကျဆင်းလာခြင်း၊ ရွှေစျေးကောင်းနေသဖြင့် ပေါင်နှံခြင်းထက် ပြန်ရောင်းသူ ပိုများလာသဖြင့် ရွှေအပေါင်လုပ်ငန်းများ၏ ဝင်ငွေနည်းလာခြင်းတို့ကို ရွှေဆိုင်များကြုံနေရကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်း အရှုံးပေါ်သဖြင့် ဆိုင်များ ပိတ်ခြင်းမဟုတ်ဘဲ၊ ရွှေဈေးအတက်ကြမ်းနေသည့်အချိန် အကျိုးအမြတ်ရယူရန် လုပ်ငန်းရပ်နားဖို့ ဆုံးဖြတ်ကြခြင်းမျိုးဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။
လက်ရှိ အမေရိကန်နှင့် အီရန်နိုင်ငံတို့၏ အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး အတက်ကြမ်းနေသလို၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များ၏ ရွှေစုဆောင်းမှု ပိုများလာခြင်းကြောင့်လည်း ပါဝင်ကြောင်း ၎င်းက ထောက်ပြသည်။
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး မူဝါဒ (Policy) များကြောင့် အမေရိကန်ဒေါ်လာအပေါ် အယုံအကြည် နည်းလာကြောင်း MTS Gold အဖွဲ့ကလည်း ထောက်ပြထားသည်။
ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၄,၉၀၀ အထိ မြင့်တက်လာနိုင်သည်ဟု အသင်းအနေဖြင့် ခန့်မှန်းထားသော်လည်း၊ ယနေ့တွင်ပင် ရွှေတစ်အောင်စလျှင် ဒေါ်လာငါးထောင်ကျော်အထိ မြင့်တက်နေပြီဖြစ်သည်။
ယခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၆,၄၀၀ အထိ ရောက်ရှိလာနိုင်ပြီး ထိုင်းရွှေဈေးသည်လည်း ဘတ် ၈၈,၀၀၀ အထိ ရောက်လာနိုင်ကြောင်း ထိုင်းရွှေကူးသန်းရောင်းဝယ်ရေးအသင်းက သတိပေးထားသည်။
Ref: The Nation Thailand, Bangkok Post







