ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် ဖောင်းတောရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ခရစ္စယာန်အသင်းတော် အဆောက်အအုံပျက်စီး

January 27, 2026

ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသ၊ ဖောင်းတောရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဖောင်းတောရွာရှိ ခရစ္စယာန်အသင်းတော် အဆောက်အအုံအပေါ်ကို ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲရာ အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“လူထိခိုက်မှု သေဆုံးမှုတော့ မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

ဖောင်းတောရွာသည် မေတ္တာမြို့၏တောင်ဘက်ခြမ်းတွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အဲဒီရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ နေထိုင်တာလည်း မရှိဘူး၊ လှုပ်ရှားမှုလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်သည် ဘုန်းကြီးကျောင်းနှင့် အခြားဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများကို ပစ်မှတ် ထားကာ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိကြောင်း ပဒိုစောအယ်နားက ဆက်လက်ပြောဆိုသည်။

ဖောင်းတောဒေသခံတစ်ဦးကမူ စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် သင်းအုပ်ဆရာတော် နေထိုင်သည့် နေအိမ်ပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း ပြောသည်။