ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၁၅ နှစ်အောက်ကလေးများကို ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်သည့် ဥပဒေကြမ်း ပြင်သစ်အောက်လွှတ်တော် အတည်ပြု

January 27, 2026

အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်မည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတည်ပြုလိုက်သည်။

ယင်းမှာ ကလေးသူငယ်များကို ဖန်သားပြင်ကြည့်ချိန် များပြားမှုမှ ကာကွယ်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အားပေးတိုက်တွန်းထားသည့် အစီအစဉ် ဖြစ်သည်။

ယင်းဥပဒေမူကြမ်းကို ပြင်သစ်အောက်လွှတ်တော် အစည်းအဝေးတွင် ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၂၁ မဲဖြင့် အတည်ပြုခဲ့သည်။

အောက်လွှတ်တော်မှ အတည်ပြုထားသည့် ယင်းဥပဒေမူကြမ်း အသက်ဝင်လာစေရန် ပြင်သစ်အထက်လွှတ်တော်ဆီးနိတ်မှ အတည်ပြုချက်ရယူရဦးမည် ဖြစ်သည်။

စက်တင်ဘာ ၁ ရက်နေ့မှစ၍ အဆိုပါ တားမြစ်ကန့်သတ်မှု အသက်ဝင်လာစေရန် ယင်းဥပဒေမူကြမ်းကို အထက်လွှတ်တော်က ဖေဖော်ဝါရီလလယ်တွင် အတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဂါဘရီရယ် အက်တဲလ်က ဆိုသည်။

၎င်းသည် သမ္မတမက်ခရွန်၏ ရီနေဆန်းပါတီကို အောက်လွှတ်တော်တွင် ဦးဆောင်သူ ဖြစ်သည်။

အသက်ကန့်သတ်ချက် မပြည့်သော လက်ရှိအကောင့်များကို ပိတ်သိမ်းရန် ဆိုရှယ်မီဒီယာကုမ္ပဏီများကို ဒီဇင်ဘာ ၃၁ ရက်အထိ အချိန်ပေးမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းတွင် အထက်တန်းကျောင်းများတွင် ဖုန်းသုံးစွဲမှု ပိတ်ပင်ခြင်းလည်း ပါဝင်သည်။

အောက်လွှတ်တော်တွင် ယခုမဲခွဲဆုံးဖြတ်မှုကို ပြင်သစ်ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက် အရေးပါသော ခြေလှမ်း ဖြစ်ကြောင်း သမ္မတ မက်ခရွန်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ချီးကျူးရေးသားခဲ့သည်။

“ကျွန်တော်တို့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်ခံစားချက်ဟာ အမေရိကန်ပလက်ဖောင်းတွေ ၊ တရုတ်အယ်လ်ဂိုရစ်သမ်တွေရဲ့ အမြတ်ထုတ် လှည့်စားစရာ မဟုတ်သလို ရောင်းစားစရာလည်း မဟုတ်ဘူး” ဟု သမ္မတ မက်ခရွန်က စနေနေ့က ၎င်း၏ ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူမှုကွန်ရက်အကောင့်သစ်များအတွက် အသက်ကန့်သတ်ချက်ကို ၂၀၂၆ ပညာသင်နှစ်အစတွင် စတင်ကျင့်သုံးရန် ပြင်သစ်အာဏာပိုင်များက လိုလားလျက် ရှိသည်။

ယင်းဥပဒေမူကြမ်း အသက်ဝင်လာလျှင် ပြင်သစ်သည် ဩစတြေးလျပြီးနောက် ကမ္ဘာပေါ်တွင် အသက်မပြည့်သည့် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

ကမ္ဘာတဝန်း ဆိုရှယ်မီဒီယာသုံးစွဲမှု များပြားလာသည်နှင့်အမျှ ဖန်သားပြင်ကြည့်ချိန် ကြာမြင့်ခြင်းက ကလေးသူငယ်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး စိတ်ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာလျက် ရှိသည်။

Source: AFP/co