ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလုံခြုံမှုကြောင့် ထားဝယ်ဒေသတွင် လုပ်သားရှာရခက်

December 26, 2025

ပုံစာ - ထားဝယ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများ။ ဓာတ်ပုံ - Dawei watch

ထားဝယ်ခရိုင်တွင် အလုပ်သမားရှားလာပြီး လုပ်ခ တိုးမြှင့်ပေးခေါ်သော်လည်း ငှားရမ်းရခက်လာကြောင်း လုပ်ငန်းရှင်များနှင့် တောင်သူများက ပြောသည်။

စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်း စုဆောင်းခြင်း စသည်တို့ကြောင့် လူငယ်၊ လူလတ်ပိုင်းများ နေရပ်စွန့်ခွာမှု တိုးလာသဖြင့် အလုပ်သမား ရှားပါးလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“နေ့စားခ ပိုပေးတာတောင် အလုပ်သမားက ရှားတယ်” ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာမှ ကွမ်းခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဝကုန်းရွာဘက်တွင် ကွမ်းသီးခွဲ၊ ကွမ်းသီးလှန်းသည့် အမျိုးသမီးတစ်ဦးလျှင် တစ်ရက်လုပ်ခ ကျပ်နှစ်သောင်းခွဲ၊ အမျိုးသား တစ်ဦးလျှင် သုံးသောင်းမှ လေးသောင်းအထိ ပေးရပြီး တောထွင်ခ (တောရှင်းခ) ဆိုလျှင် တစ်ရက် ခြောက်သောင်းခွဲ၊ ကွမ်းသီးထမ်းခ တစ်ရက် ကျပ်လေးသောင်း ပေးရကြောင်း ၎င်းက ပြောသည်။

သို့သော် ကွမ်းသီးမှာ ဝယ်သူနည်းပြီး စျေးမရသဖြင့် တွက်ခြေမကိုက်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

အလုပ်သမား ရှာရခက်လာသဖြင့် ဥယျာဉ်ခြံလုပ်ငန်းများနှင့် ဒေသထွက်ကုန်လုပ်ငန်းများအတွက် လုပ်အားခ တိုးပေးပြီး ခေါ်ယူနေရကြောင်း သရက်ချောင်းမြို့နယ်မှ ကွမ်းသီးခြောက်အဝယ်တော် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အလုပ်သမားက ခေါ်ဖို့ကိုမရှိဘူး၊ လုပ်ဖို့လူကို မရှိဘူး။ နယ်တွေမှာ အလုပ်သမားရှားတယ်။ အရင်ကဆို ကိုယ့်အိမ်က ကွမ်းသီးကို နေ့ရောညရောလုပ်လို့ရတယ်။ အခုကစစ်ကြောင်းဝင်တာနဲ့ ဘာနဲ့ ကိုယ့်အိမ်က အလုပ်တောင် ပြီးအောင် မလုပ် နိုင်တော့ဘူး။ အဲဒီလိုဆိုတော့သူများဆီမှာ လိုက်လုပ်ဖို့ဆိုတာ အာရုံမရတော့ဘူးလေ” ဟု ၎င်းက ပြောသည်။

ဆားလုပ်ငန်းများအတွက် အလုပ်သမား ရှာရခက်လာကြောင်း ဆားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ယမန်နှစ်က အလုပ်သမား အပြည့်အဝ မရသဖြင့် လုပ်ငန်းပမာဏ လျှော့ချလုပ်ကိုင်ခဲ့ရသဖြင့် ယခုနှစ်တွင် လုပ်အားခ တိုးမြှင့်ကာ အလုပ်သမား ရှာဖွေခဲ့ရသော်လည်း အပြည့်အဝ မရသေးကြောင်း ထားဝယ်မြို့ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

ပြင်းဖြူကြီးရွာက မီးချက်ဆားလုပ်ငန်းတွင်လည်း အလုပ်သမားခေါ်ယူရခက်ခဲခြင်း၊ ထုတ်လုပ်မှုစရိတ်ကြီးခြင်းနှင့် မိုးကြောင့် ဆားထွက်နှုန်းနည်းခြင်း၊ အရောင်းအဝယ်အေးခြင်း စသည့်အချက်များကြောင့် ဆားလုပ်ငန်း ရပ်နားလိုက်သူ သုံးဦး ရှိလာကြောင်း ယင်းကျေးရွာမှ ဆားလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ရော်ဘာပွဲရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း တစ်နှစ်ထက် တစ်နှစ် လုပ်သားရှားပါးလာကြောင်း ဒေသခံအချို့က ဆိုသည်။

“အလုပ်သမားခေါ်ရခက်တော့ လုပ်အားခပိုပေးပြီး ခေါ်ရတာတွေရှိတယ်။ တစ်ရက်(လုပ်ခ) နှစ်သောင်း သုံးသောင်း ဆိုတာ ကလည်း အခုခေတ် ကုန်ဈေးနှုန်းနဲ့ တစ်သောင်းတန်တစ်ရွက်က ဘာမှဝယ်လို့မရဘူးလေ။ မိသားစုတစ်စု စားဖို့ လုံလောက် တဲ့ငွေ ပမာဏမရရင် တခြားကို ရွှေ့ပြောင်းသွားကြမှာပဲ။ ဒီမှာနေဖို့ လုံခြုံမှုလည်း မရှိဘူးလေ” ဟု ထားဝယ်မြို့ ပေါ်က ရော်ဘာပွဲရုံလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

နယ်ဒေသမ ထားဝယ်မြို့ပေါ်ကို အလုပ်သွားအလုပ်ပြန်သူများလည်း စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမေးမြန်းခံရခြင်း၊ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရခြင်း စသည့် လုံခြုံရေးအခြေအနေတို့ကြောင့် မြို့ပေါ်ကို နေ့ချင်းပြန် သွားရောက်လုပ်ကိုင်သူ နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။