ရေဖြူမြို့နယ် ညင်းထွေးကျေးရွာနှင့် ဇီးကျကျေးရွာကြားရှိ ကားလမ်းမ၏အရှေ့ဘက်နှစ်ဖာလုံခန့်အကွာတွင် ဖြစ်ပွားခဲ့သည့် သန်းကုန်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများက စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်တွင် သန်းကုန်း(မိုးကုတ်ဝိပဿာနာ)ရိပ်သာတွင် တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ စစ်အာဏာရှင်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်များက ပူးပေါင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။
ထိုတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖက်က ၆ ဦးသေဆုံးကာ စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
“(စစ်အာဏာရှင်တပ်သား) အလောင်း ၆ လောင်း ရပါတယ်။ ထိခိုက်သေဆုံးမှုတော့ များလိမ့်မယ်။ စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရမိတာရှိပါတယ်။ နောက် ထုတ်ပြန်ပေးပါ့မယ်ခင်ဗျား။ ရန်သူတွေကတော့ စခန်းစွန့် ထွက်ပြေးသွားကြတာပါ “ ဟု အထက်ပါတာဝန်ရှိသူက ဆိုသည် ။
အဆိုပါတိုက်ပွဲတွင် နှစ်ဖက်တပ်များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကြပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ရောက်မှသာ ပစ်ခတ်သံများငြိမ်သက်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“တပ်ဖက်ကလည်းလက်နက်ကြီးနဲ့ထုတယ်။ ဒီဘက်( တော်လှန်ရေးတပ်)ကလည်း လက်နက်ချလို့အော်တယ် တစ်ညလုံးပဲ။ လက်နက်ချလို့အော်အော်ပြီး တစ်ခါ ဒရုန်းနဲ့ တစ်ခါထပ်သွားချတယ်။ တစ်ညလုံးချနေတာ မနက်ကျမှငြိမ်သွားတယ်”ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်တပ်သားများက သန်းကုန်း(မိုးကုတ်ဝိပဿာနာ)ရိပ်သာတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစကာ လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးသည့်နေ့မှစကာ စစ်အာဏာရှင်တပ်သားများ လုံးဝမရှိတော့ကြောင်း ဒေသခံအချို့က ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း သန်းကုန်း(ရိပ်သာ)အနီး နေထိုင်သည့် အသက်တစ်နှစ်ခွဲအရွယ် ယောက်ျားလေးတစ်ဦးနှင့် ၎င်း၏ မိခင်သေဆုံးခဲ့ပြီး နောက်ထပ်ကလေး လေးဦးအပါအဝင် ဒေသခံကိုးဦးလက်နက်ကြီးထိမှန်ဒဏ်ရာရသွား ကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။
” အမျိုးသားတစ်ဦးက ခြေထောက်တစ်ဖက်ကြေသွားတယ်။ သေသွားတဲ့သားအမိအလောင်းကိုတော့ တစ်ရက်ကြာပြီးမှ ကောက်ရတယ်”ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ရေဖြူမြို့မရဲစခန်းအပါအဝင် မြို့နယ်ထွေအုပ်ရုံး၊ သစ်တောရုံး၊ စုပေါင်းရုံး၊ ဘဏ်နှင့် ဝန်ထမ်းအိမ်ရာ စသည့် ဌာနဆိုင်ရာအဆောက်အအုံများရှိ စစ်အာဏာရှင်ဘက်တော်သားများကို တော်လှန်ရေးအင်အားစုများက လာရောက်တိုက်ခိုက်ခဲ့ကြသေးကြောင်း စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည် ။







