ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမြောကင်းတံတားဂိတ်ကို ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

December 26, 2025

ပုံစာ - ထားဝယ် ကမြောကင်းတံတားဂိတ် (ပုံဟောင်း) ဓာတ်ပုံ - Dawei watch

ထားဝယ်မြို့ အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အသက် ၂၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၅ ရက် ညသန်းခေါင်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဗုံးမှာ တံတားဂိတ်ဧရိယာရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွင် အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦး ခြေထောက်တွင် ဒဏ်ရာရကာ ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒဏ်ရာကတော့ ခြေသလုံးမှာ ဒဏ်ရာရတယ်။ အခုထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်” ဟု ၎င်းက ဆိုသည်။

ကမြောကင်းတံတားဂိတ်အား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က ဗုံးချတိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။

ဒရုန်း ဗုံးစ ထိမှန်ခဲ့သည့် နေအိမ်မှာ လွန်ခဲ့သည့် နှစ် ၄၀ ကျော်မှစ၍ တံတားအနီး နေထိုင်ကြသည့် ဒေသခံ မိသားစု ဝင်များဖြစ်ကြောင်း ထားဝယ်မြို့ခံများထံမှ စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့တွင် တိုင်းစစ်ကော်မရှင်က ထားဝယ်မြို့တွင် ညမထွက်ရအမိန့်အား တစ်ညရုပ်သိမ်းပြီး ညလုံးပေါက် ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ခရစ္စမတ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပနေသည့် ထားဝယ်မြို့ ကမ်းနားလမ်းရှိ တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် လူငယ်အချင်းချင်း ခိုက်ရန်နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။