ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သူရဦးအောင်ကို၊ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် သုံးဦးနှင့် ဗိုလ်ချုပ်လေးဦးတို့ကို ဘွဲ့တံဆိပ်များ ရုပ်သိမ်း

December 26, 2025

NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် သုံးဦးနှင့် ဗိုလ်ချုပ်လေးဦး အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ်ကိုးဦးကို စစ်ကော်မရှင်က ဘွဲတံဆိပ်များ ပြန်လည် ရုပ်သိမ်းလိုက်သည်။

စီးပွားရေးလုပ်ငန်းရှင်များတွင် ရိုးမအုပ်စု၏ ဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ (ခေါ်) ဆာ့ချ်ပန်း၊ ဧဒင်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေတို့ ဖြစ်သည်။

ပုံစာ – သူရဦးအောင်ကို။ ဓာတ်ပုံ – VOA

သူရဦးအောင်ကို သည် သူရဘွဲ့၊ ဝဏ္ဏကျော်ထင် ဘွဲ့ရရှိထားသူဖြစ်သည်။ ဦးချစ်ခိုင်သည် စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ရရှိထားသူဖြစ်ပြီး ဦးခင်ရွှေမှာ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိထားသူ ဖြစ်သည်။ ဦးသိမ်းဝေမှာ သီရိပျံချီဘွဲ့ ရရှိထားသူဖြစ်သည်။

စစ်ကောင်စီက သူရဦးအောင်ကိုနှင့် အထက်ပါ စီးပွားရေးလုပ်ငန်းရှင် သုံးဦးတို့ကို ဖမ်းဆီးခဲ့ပြီး သူရဦးအောင်ကို၊ ဦးချစ်ခိုင်နှင့် ဦးခင်ရွှေတို့မှာမူ ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်သည်။

စစ်ကော်မရှင်က ဘွဲ့တံဆိပ်ရုပ်သိမ်းရာတွင် ဇေယျကျော်ထင်ဘွဲ့ ရရှိထားသည့် စစ်ဗိုလ်ချုပ်လေးဦး ပါဝင်သည်။ ၎င်းတို့မှာ ဗိုလ်ချုပ် ဇော်လွင်ဦး၊ ဗိုလ်ချုပ် ဝင်းလွင်၊ ဗိုလ်ချုပ် လှမြင့်စိုး၊ ဗိုလ်ချုပ် အောင်လင်းထွန်းတို့ဖြစ်သည်။

ပုံစာ – ဧဒင်ဦးချစ်ခိုင်။

ဘွဲ့တံဆိပ်ရုပ်သိမ်းခံရသူ ကျန်တစ်ဦးမှာ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ရရှိထားသည့် ဦးမြင့်နိုင်ဖြစ်ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

ဘွဲ့တံဆိပ်ရုပ်သိမ်းခံရသူအများစုသည် အာဏာမသိမ်းမီကာလတွင် ချီးမြှင့်ခံရသူများဖြစ်ပြီး စစ်ဗိုလ်ချုပ်လေးဦးနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေတို့မှာ အာဏာသိမ်းကာလတွင် ချီးမြှင့်ခံရသူများဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ် ၆၇ အရ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ရက်တွင် ဘွဲ့တံဆိပ်များကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြသည်။

ပုံစာ – ဇေကမ္ဘာ ဦးခင်ရွှေ။ ဓာတ်ပုံ – RFA

ပြဋ္ဌာန်းချက် အပိုဒ် ၆၇ မှာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊ အကျင့်စာရိတ္တနှင့် စပ်ဆိုင်သော ပြစ်မှုကျူးလွန်၍ တရားရုံးတစ်ခုခု၏ အပြစ်ပေးခံရခြင်း၊ ဌာနဆိုင်ရာအရေးယူခြင်းခံရပြီး အပြစ်ရှိကြောင်း ပေါ်ပေါက် သဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ ပြစ်ဒဏ်တစ်ရပ်ရပ်ပေးခံရခြင်း စသည့် အချက်များအရ ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယင်းသို့ ဘွဲ့တံဆိပ်ရုပ်သိမ်းသည့်အပြင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်း ပြင်ဆင်ထား သေးသည်။

နှစ်စဥ် လွတ်လပ်ရေးနေ့ ရောက်တိုင်း ကြေညာလေ့ရှိသည့် ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်လက်ခံမည့် ရဟန်း သံဃာများ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ အရည်အချင်းများကို စစ်အုပ်စုက ပြင်ဆင်ထားခြင်း ဖြစ်သည်။

ပုံစာ – ဦးသိမ်းဝေ။ ဓာတ်ပုံ – Yoma Strategic Holdings

ရဟန်းသံဃာများ၊ သီလရှင်များနှင့် သက်ဆိုင်သည့် ပရိယတ္တိစာချ၊ ကျမ်းပြု၊ သာသနာပြု၊ ဓမ္မကထိက၊ ကမ္မဋ္ဌာန်းဆရာ စသည့် ဘွဲ့ ၁၅ မျိုးအနက် အမြင့်ဆုံး ဘွဲ့အမျိုးအစား သုံးမျိုးမှအပ ကျန်ဘွဲ့များတွင် စစ်ကော်မရှင် ဆန့်ကျင်သူ မဖြစ်ရ၊ တော်လှန်ရေးကို ကူညီထောက်ပံ့သူ မဖြစ်ရ စသည့် အချက်ကို တိုးချဲ့ထည့်သွင်းထားသည်။

လူပုဂ္ဂိုလ်များနှင့် ဆိုင်သည့် သာသနာတော်ဆိုင်ရာဘွဲ့ ၈ခုတွင်လည်း ယင်းအချက်အပါအဝင် အခွန်ရှောင်ခြင်း၊ လိင်စိတ်ပုံမှန် မဟုတ်ခြင်း စသဖြင့် အချက်အလက် ငါးခုထက်မနည်းကို ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ယင်းအပြင် ဘွဲ့တံဆိပ်ရရှိပြီးသူများလည်း ယင်းအချက်အလက်များနှင့် ငြိစွန်းပါက ဘွဲ့တံဆိပ်များ ပြန်လည်ရုပ်သိမ်း နိုင်ကြောင်း ပြင်ဆင်ထားသည်။