တောင်ပျောက်တိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်-PDF စခန်းတစ်ခုကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့ထံက သိရသည်။
ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် PDF စခန်း ရုံးစိုက်ရာနေရာကို ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က အတည်ပြုပြောဆိုသည်။
“တစ်လုံးက ပေါင်နှစ်ရာလား ငါးရာလားမသိသေးဘူး၊ စိစစ်နေတုန်းပဲ၊ လူထိခိုက်မှုရှိတယ်၊ ဒဏ်ရာရသူရှိတယ်လို့ကြားတယ်” ဟု ၎င်းကဆိုသည်။
ကနဦးစုံစမ်းမေးမြန်းချက်အရ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးမှ လေးဦးခန့်ရှိပြီး သေဆုံးသူမရှိဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်သဖြင့် PDF တပ်ရင်းတပ်ဖွဲ့များကို ဖိအားပေးသည့်အနေဖြင့်င့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က သုံးသပ်သည်။
လေယာဉ်ဗုံးကြဲမှုတွင် လူထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း လူဦးရေအတိအကျ အသေးစိတ်အခြေအနေများမသိရသေးဟု တိုက်နယ်အတွင်းက ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။







