နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အစ္စလာမ်မ္မစ်နိုင်ငံတော်(ISIS) လက်နက်ကိုင်များကို တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။
အဆိုပါ ဒေသရှိ ခရစ်ယာန်ဘာသာဝင်များအပေါ် အစ္စလာမ္မစ်နိုင်ငံတော် (ISIS) လက်နက်ကိုင်များက ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သမ္မတထရမ့်က ဆိုသည်။
“အမေရိကန်စစ်သေနာပတိချုပ်အနေနဲ့ ကျွန်တော့်ရဲ့ ညွှန်ကြားချက်အရ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ISIS အကြမ်းဖက်သမားအောက်တန်းစားတွေကို လူအသေအပျောက်ရှိတဲ့ အင်အားပြင်းတိုက်ခိုက်မှုတစ်ရပ် ဒီညမှာ အမေရိကန်က ပြုလုပ်ခဲ့ပါတယ်။ သူတို့က အပြစ်မဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်နေခဲ့ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ၊ ရာစုနှစ်ပေါင်းများစွာအတွင်း မကြုံစဖူးတဲ့ အဆင့်အထိ ရက်ရက်စက်စက် သတ်ဖြတ်နေတာ ဖြစ်ပါတယ်” ဟု ထရမ့်က ၎င်း၏ ကိုယ်ပိုင် Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။
တိုက်ခိုက်မှုအသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။
အဆိုပါ တိုက်ခိုက်မှုကို နိုင်ဂျီးရီးယားအာဏာပိုင်များနှင့် ပူးပေါင်းကာ နိုင်ဂျီးရီးယားနိုင်ငံ၊ ဆိုကိုတိုပြည်နယ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ဆိုသည်။
ယင်းတိုက်ခိုက်မှုကြောင့် အစ္စလာမစ်နိုင်ငံတော်(ISIS) လက်နက်ကိုင်အများအပြား သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ဆိုသည်။
နိုင်ဂျီးရီးယားအစိုးရ၏ တောင်းဆိုမှုကြောင့် ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချသွားခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် ခရစ်ယာန်ဘာသာ ရှင်သန်ရေး ခြိမ်းခြောက်မှုနှင့် ကြုံနေရကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုနှစ် အောက်တိုဘာလက စတင်သတိပေးခဲ့ပြီးနောက် ယခု တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ခရစ်ယာန်အသိုက်အဝန်းများအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို တားဆီးရန် နိုင်ဂျီးရီးယားအစိုးရက ပျက်ကွက်ခဲ့ပါက အမေရိကန်က စစ်ရေးအရ ကြားဝင်ဆောင်ရွက်မည်ဟုလည်း သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့ဖူးသည်။
အမေရိကန်သည် နိုဝင်ဘာလနှောင်းပိုင်းကတည်းက နိုင်ဂျီးရီးယားနိုင်ငံ၏ နေရာအတော်များများတွင် ထောက်လှမ်းရေးသတင်းရယူသည့် လေကြောင်းပျံသန်းမှုများ လုပ်ဆောင်နေကြောင်း ရိုက်တာသတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
Source: Reuters







