ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ သုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပြုပြီး အမှုဖွင့်ခံထားရသူ ငါးထောင်ကျော်ကို အမှုပိတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ MRTV ည ၈နာရီ သတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်၊ ရွေးကောက်ပွဲ အောင်မြင်ရန် ယင်းသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား၊ အကျဉ်းသူ ၇၂၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး အလားတူ ပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အခြား အကျဉ်းသား၊ အကျဉ်းသူ ၂၆၃၁ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ဆိုသည်။
ယင်းအပြင် ပုဒ်မ ၅၀၅ (က) ဖြင့် ကြားနာစစ်ဆေးဆဲခံရသူ ၅၅၈၀ ဦးကိုလည်း အမှုပိတ်သိမ်းလိုက်ကြောင်း ဖော်ပြသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံရသူ သုံးသောင်းကျော်ရှိသည့်အနက် ၂၂၀၀၀ ကျော်မှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။
လက်ရှိ ဖမ်းဆီးခံထားရသူများအနက် ၁၁၀၀၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP ထံမှ သိရသည်။







