ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်-မြိတ်ကားလမ်းပြန်ပိတ်ပြီး ကားရာချီ ပိတ်မိ

November 26, 2025

ပုံစာ - ထားဝယ်-မြိတ်ကားလမ်းတွင် ပိတ်မိနေသည့်ကားများ။ (ပုံဟောင်း)

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းပိုင်း ပြန်ပိတ်နေပြီး ကားရာချီနှင့် ခရီးသည်များ လမ်းတွင် ပိတ်မိနေကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်က ထားဝယ်မှ မြိတ်မြို့သို့ အဆင်းကားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့က လမ်းပြန်ဖွင့်ပေးခဲ့ပြီး နိုဝင်ဘာလ ၂၅ တွင် မြိတ်မြို့မှ ထားဝယ်သို့ အတက်ကားများကို ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ကားသမားအချို့နှင့် ဒေသခံအချို့က ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်တွင်မူ လမ်းပြန်ပိတ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

“လမ်းပြန်ဖွင့်လို့ ပလောက်ကနေ ထားဝယ်ဘက်ကို လွှတ်ထုတ်လိုက်တဲ့ကားတွေ ကမြိုင်မှာ သွားပိတ်မိနေတယ်။ ဒီနေ့တော့ အတက်ရော အဆင်းရော ပြန်ပိတ်လိုက်ပြီ” ဟု ကားသမားတစ်ဦးက ပြောဆိုသည်။

မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်ရွာအထိ ၃ မိုင်ခန့်ရှည်သည့် လမ်းတစ်လျှောက်တွင် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ ပိတ်မိနေပြီး ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဝဲရစ်ရွာသားများက ခရီးသွားများကို ထမင်းဟင်းများ ချက်ပြုတ် ကျွေးမွေးလှူဒါန်းကြောင်း ဝဲရစ်ရွာက အမျိုးသားတစ်ဦးက ဆိုသည်။

“ဦးတို့လည်း စစ်တပ်လာရင် စစ်ပြေးရှောင်နေရတာပဲ။ အခုတော့ ကားတွေပိတ်မိနေလို့ ဦးလေးတို့ ရွာသားတွေ ထမင်းဟင်းချက်ပြီး လိုက်ဝေနေတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၈ ရက် ကတည်းက KNLA တပ်ရင်း ၁၂ က သရက်ချောင်းမှ ပလောက်ထိလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ပိတ်ထားသည့်ကာလတွင် ကြိုကြားကြိုကြား လမ်းဖွင့်ပေးခဲ့ကြောင်း ကားသမားအချို့က ဆိုသည်။

သို့သော် နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက် နံနက်အထိ လမ်းကြောင်းလုံးဝ ဖွင့်မပေးဘဲ ကိုးရက်နီးပါးကြာ ပိတ်ဆို့ထားသဖြင့် ဖရဲသီးကား၊ ကော်ဖီထုတ်၊ ခရမ်းချည်သီး၊ ပန်းကော်ဖီ၊ ကြက်သွန်နီနှင့် ရေထွက်ကုန် တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကားသမားအချို့က ပြောဆိုသည်။

“လမ်းမှာရက်ကြာတော့ စရိတ်ထောင်းပြီး ထမင်းငတ်တဲ့သူတွေလည်း ငတ်တယ်ပြောတယ်။ ကျွန်တော်တို့ကတော့ မငတ်ဘူး။ ပြင်းဖြူကြီးရွာသားတွေ ကျွေးလို့ စားရသေးတယ်။ ပြီးတော့ ကျွန်တော်တို့ ကုန်ကားတွေမှာက ကိုယ့်အိုးကိုယ့်ဆန်တွေ ပါလာကြတယ်လေ။ ပါလာလည်း ရက်ကြာလာတော့ စရိတ်ပြတ်လာတာပဲ။ အခုတော့ ကျွန်တော်တို့ကား ပုလောရောက်နေပြီ”ဟု စပယ်ယာအမျိုးသားတစ်ဦးက နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။

အချို့ကုန်စည်ပို့ဆောင်သူများမှာ ကုန်စည်ဆုံးရှုံးမှုများမည်စိုးသဖြင့် ငွေကုန်ကြေးကျများသည့် စပိတ်ဘုတ်ငှားရမ်းကာ ရေကြောင်းဖြင့် ပို့ဆောင်ကြရကြောင်း ကားသမားအချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။

ခရီးသည်အချို့လည်း စပိဘုတ်ဖြင့်သာ ခရီးဆက်ကြပြီး ခရီးစရိတ်မတတ်နိုင်သူများမှာ ကားလမ်းဖွင့်ပေးသည်အထိ ခရီးသည်တင်ကားနှင့်အတူ လမ်းမှာ စောင့်ဆိုင်းနေကြကြောင်း ၎င်းတို့က ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အမှတ် ၈ ပြည်ထောင်စုကားလမ်းကို လုံးဝ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားသည့်အပေါ် ခရီးသည်များနှင့် ကားသမားများ၊ ဒေသခံများကြားမှာ ဝေဖန်မှုများမြင့်တက်နေသည်။

ထားဝယ်-မြိတ်ကားလမ်း ပိတ်ဆို့ထားမှုနှင့်ပက်သက်ပြီး KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)က မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို Dawei Watch က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။