တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာအနီး သစ်ပင်ခြောက်ရွာတွင် တပ်စွဲသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း-၂ က ထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၅ရက် မွန်းလွဲ ၁နာရီဝန်းကျင် တော်လှန်ရေးပူပေါင်းတပ်များက သွားရောက်တိုက်ခိုက်ကြခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ မိနစ် ၄၀ ခန့်ကြာဖြစ်ပွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“တိုက်ပွဲအတွင်း လက်နက်ငယ်သံပဲ ကြားရတယ်။ လက်နက်ကြီးပစ်သံတော့ မကြားရဘူး။ ရှေ့တိုက်ပွဲတွေမှာဆို တနင်္သာရီဘက်က (စစ်အာရှင်တပ်က) အကူပစ်တာရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်မှာ တိုက်ပွဲဖြစ်သည့်နေရာတွင် ယနေ့ နိုဝင်ဘာလ ၂၆ရက် နေ့လယ်၁၂နာရီအထိ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ စစ်အာဏာရှင်တပ်ကို မြိတ်ခရိုင်တပ်ရင်း-၂နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက သွားရောက် တိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးတပ်များဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်အာဏာရှင်တပ်ဘက်ကမူ တပ်သားလေးဦး ထိခိုက်သေဆုံးနိုင်ကြောင်း မြိတ်ခရိုင်တပ်ရင်း-၂၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
နိုဝင်ဘာလ ၂၅ရက် ညနေပိုင်းတွင် တနင်္သာရီမြို့အနီးရှိ မော်တုန်းကျေးရွာအခြေစိုက် အမှတ် (၃၀၆) အမြောက်တပ်က ဘန်းလမွတ်ရွာရှိ ဥယျာဥ်ခြံများကို ဒရုန်းဖြင့် ဗုံးချခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
သစ်ပင်ခြောက်ကျေးရွာနှင့် ဘန်းလမွတ်တို့မှာ ကြားတွင် ကျေးရွာ လေးရွာခြားသည်။
တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ဒရုန်းဖြင့် ဗုံးသီး ခုနစ်လုံးနှင့်အထက်ချခဲ့ပြီး ဒဏ်ရာရသူမရှိကြောင်း အထက်ပါ ဘန်းလမွတ်ဒေသခံက ပြောသည်။
နိုဝင်ဘာလ ၂၁ရက်ကလည်း ဇဝဲကျေးရွာအခြေစိုက် အမှတ် (၅၅၆) ခြေမြန်တပ်ရင်းက ဖာနီရွာကို ဒရုန်းဖြင့်ဗုံးချခဲ့ရာ အရပ်သား ငါးဦး ဒဏ်ရာရခဲ့သည်။







