လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို ဥရောပသမဂ္ဂနိုင်ငံတိုင်းတွင် လေးစားအသိအမှတ်ပြုရမည်ဟု ဥရောပသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။
ဂျာမနီတွင် လက်ထပ်ထိမ်းမြားခဲ့သည့် ပိုလန်နိုင်ငံသား လိင်တူစုံတွဲတစ်တွဲအား အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည့် ပိုလန်အစိုးရအား အဆိုပါ တရားရုံးက အပြစ်တင်ဝေဖန်ခဲ့သည်။
ပိုလန်ဥပဒေအရ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို ခွင့်မပြုသောကြောင့် ယင်းသို့ ငြင်းဆန်ရခြင်း ဖြစ်ကြောင်း ပိုလန်အစိုးရက ဆိုသည်။
ယင်းသို့ ငြင်းဆန်မှုမှာ ဥရောပသမဂ္ဂ၏ ဥပဒေနှင့် ဆန့်ကျင်ဘက် ဖြစ်ကြောင်း အဆိုပါ တရားရုံးက ဆိုသည်။
ယင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနေထိုင်ခွင့်အပြင် လူသားတစ်ယောက်၏ ပုဂ္ဂလိကဘဝနှင့် မိသားစုဘဝကို လေးစားအသိအမှတ်ပြုခံရခြင်းဟူသည့် အခြေခံအခွင့်အရေးကိုပါ ချိုးဖောက်ခံရရာ ရောက်ကြောင်း တရားရုံးက ဆိုသည်။
ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ အများစုဖြစ်သော ပိုလန်နိုင်ငံတွင် LGBT များ၏ တန်းတူညီမျှရေးတိုက်ပွဲဝင်မှုကိုအန္တရာယ်ရှိသော ပြည်ပအတွေးအခေါ်အဖြစ် နှစ်ပေါင်းများစွာ တံဆိပ်ကပ်ခံခဲ့ရသည်။
Source: Reuters







