BREAKING
November 27, 2025

ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရန် ဂျာကာတာတွင် ကြောင်သားနှင့် ခွေးသား ပိတ်ပင်

November 26, 2025

အင်ဒိုနီးရှားမြို့တော် ဂျာကာတာတွင် ခွေးရူးပြန်ရောဂါကူးစက်မှုလျှော့ချရန် ကြောင်သား ၊ ခွေးသား ၊ လင်းနို့သား ရောင်းဝယ်မှုနှင့် စားသောက်မှုကို ပိတ်ပင်တားမြစ်လိုက်ကြောင်း မြို့တော်ဝန်က နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းမှာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများအတွက် ကြီးမားသည့် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

အဆိုပါ ပိတ်ပင်တားမြစ်သည့်အမိန့်ကို ဂျာကာတာမြို့တော်ဝန်က တနင်္လာနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ဂျာကာတာတွင် “ခွေးရူးပြန်ရောဂါ ကူးစက်စေနိုင်သော တိရစ္ဆာန်များ”ကို ရောင်းချခြင်းအား တားမြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

ယင်းသို့ တားမြစ်သည့် အမိန့်ကို တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Dog Meat Free Indonesia အဖွဲ့က ကြိုဆိုခဲ့သည်။

အဆိုပါ တားမြစ်အမိန့်သည် “အင်ဒိုနီးရှားပြည်သူအားလုံးကို ကာကွယ်ရန် ၊ တရားမျှတ၍ ယဉ်ကျေးမှုမြင့်မားသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တာဝန်နှင့် ကိုက်ညီကြောင်း” ယင်းအဖွဲ့က ဆိုသည်။

အဆိုပါ တားမြစ်အမိန့်အရ အမှန်တကယ် အရေးယူခြင်း မစတင်မီတွင် ခြောက်လကြာ သက်ညှာကာလတစ်ခု ပေးထားမည် ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

အဆိုပါ စည်းမျဉ်းချိုးဖောက်လျှင် စာဖြင့် သတိပေးခြင်းမှသည် လုပ်ငန်းလိုင်စင်ရုတ်သိမ်းခြင်းအထိ အပြစ်ဒဏ်များ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

အင်ဒိုနီးရှားသည် ခွေးနှင့် ကြောင်သားများ ရောင်းချခြင်းကို ခွင့်ပြုထားဆဲ နိုင်ငံအနည်းငယ်ထဲမှ တစ်ခု ဖြစ်သော်လည်း ယင်းသို့ ခွင့်ပြုထားမှုကို ဆန့်ကျင်သူများ အင်ဒိုနီးရှားတွင် ပိုမိုတိုးပွားလာနေပြီး မြို့ကြီးအချို့တွင် ဒေသန္တရတားမြစ်ချက်များကို ပြဌာန်းထားပြီး ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆိုအရ အင်ဒိုနီးရှားနိုင်ငံသား အများအပြားသည် ခွေးရူးပြန်ရောဂါဖြင့် နှစ်စဉ် သေဆုံးနေကြရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် မတ်လကြားတွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၂၅ ဦးရှိခဲ့သည်ဟု အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက မှတ်တမ်းတင်ထားသည်။

Source: AFP