BREAKING
November 27, 2025

မောတောင်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်၊ မိခင်နှင့် လသားအရွယ်ကလေးများ နေထိုင်ရေး၊ ကျန်းမာရေးအခက်ကြုံ

November 26, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သိမ်းတိုက်ပွဲ၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများတွင် ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးစ မိခင်များ၊ ကလေးငယ်များပါဝင်နေပြီး နေထိုင်ရေး၊ ကျန်းမာရေးအတွက် အခက်အခဲများစွာကြုံနေရကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။

စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် နေအိမ်သို့ မပြန်နိုင်သေးသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် နို့တိုက်မိခင်တစ်ဦးက ဆိုသည်။

“ကလေးတွေမှာက ယားနာ‌တွေပေါက်လာတာရှိတယ်။ လသားကလေးတွေဆိုလည်း ခြင်ကိုက် ဖုတွေနဲ့။ အချို့မိခင်တွေ ကျတော့လည်း နို့မထွက်လို့ နို့စည်တွေကိုဖျော်ပြီးတိုက်နေတော့ ဝမ်းပူ(ဝမ်းဗိုက်ဖောင်းကားနေ)တယ်။ ကလေးတွေအတွက် ခြင်ထောင်နဲ့ နို့မှုန့်တွေ လိုအပ်နေတယ်။ ကလေးတွေအတွက် ဒိုင်ဗာတွေလည်း လိုအပ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း လ‌စေ့နေသည့် ကိုယ်ဝန်သည်များရှိပြီး အချိန်ခါမရွေး ဗိုက်နာနိုင်သည့်အတွက် စိုးရိမ်စိတ်နှင့် နေနေရကြောင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကိုယ်ဝန်သည်တစ်ဦး ဗိုက်နာသဖြင့် ဆေးခန်းကို ပို့ဆောင်စဥ် လမ်းတွင်ပင် မီးဖွားကြောင်း ၎င်းက ဆိုသည်။

“ရှေ့က ဗိုက်ကြီးသည် (ကိုယ်ဝန်ဆောင်) ကတော့ ကောင်းကောင်းမွန်မွန်နဲ့ မွေးလိုက်ပြီးပြီ။ ကိုယ့်အလှည့်ကျရင် ဘယ်လို ကြုံရမလဲ မသိဘူး။ ဘယ်အချိန်မှ အိမ်ပြန်ရမယ် မသိသေး။ ပြေးရချိန်မှ ဗိုက်နာလျှင် အခက်တွေ့မှာတော့ စိုးရိမ်နေတယ်” ဟု အထက်ပါ ကိုယ်ဝန်ဆောင် မိခင်က ပြောဆိုသည်။

မောတောင်မြို့သိမ်းတိုက်ပွဲတွင် ဒေသခံ သုံးထောင်ဝန်းကျင် စစ်ဘေးရှောင်နေကြရပြီး ယင်းအနက် ရှစ်ရာကျော်မှာ တောထဲတွင် တစ်ပတ်ကြာ ရှောင်ကြစဥ် နေထိုင်စားသောက်ရေးမပြေသည့်အတွက် ဥယျာဥ်ခြံများနှင့်နီးစပ်ရာ အဆောက်အအုံများတွင် ပြောင်းရွေ့နေကြရကြောင်း စစ်ဘေးရှောင်ကူနေသူတစ်ဦးက ပြောသည်။

အထက်ပါ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

အမှတ် ၃ရွာ၊ အမှတ် ၆ရွာနှင့် နီးစပ်နေသည့် ကျေးရွာ ၇ရွာရှိ စစ်ရှောင်များမှာလည်း နေအိမ်မှ ယူဆောင်လာသည့် ရိက္ခာများ ကုန်သွားသဖြင့် ရိက္ခာများလိုအပ်လျက်ရှိကြောင်း အထက်ပါ စစ်ဘေးရှောင်ကူညီသူက ပြောဆိုသည်။

“စစ်ရှောင်တွေက ‌ရှောင်ကြတဲ့နေရာပေါ်မူတည်ပြီး လိုအပ်ချက်က ကွဲပြားသွားတယ်။ တောထဲမှာ နေတဲ့သူ ကျပြန်‌တော့လည်း စောင်တွေ၊ခြင်ထောင်‌တွေက လုံလောက်မှု မရှိသေးဘူး။ အိမ်ပြန်ဝင်နေကြတဲ့ သူတွေဆိုလည်း စားနပ်ရိက္ခာက လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

မောတောင်မြို့ကို နိုဝင်ဘာလ ၁၄ ရက်တွင် တော်လှန်ရေးတပ်များ သိမ်းယူထားပြီး စစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။