BREAKING
October 26, 2025

အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ပြီ

October 26, 2025

ပုံစာ - အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံအဖွဲ့ထဲ အရှေ့တီမော ဝင်ရောက်ကြောင်း လက်မှတ်ထိုးပွဲအခမ်းအနား၌ အရှေ့တီမောသမ္မတဟိုဆေးရာမို့ဟွန်တာ ၊ ဝန်ကြီးချုပ်ဇာနာနာဂူစမိုနှင့် မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့အား ကွာလာလမ်ပူမြို့၌ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Chalinee Thirasupa

အာရှ၏ အသက်အငယ်ဆုံးနိုင်ငံဖြစ်သည့် အရှေ့တီမောသည် ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်သို့ တရားဝင်ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ယနေ့ တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အရှေ့တီမော၏ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို တရားဝင်အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အရှေ့တီမောအလံကို စင်မြင့်ပေါ်သို့ တင်လိုက်ချိန်၌ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ယင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ နီးပါးခန့်ကတည်းက ချမှတ်ထားသည့် မျှော်မှန်းချက်တစ်ရပ်ကို အရှေ့တီမောခေါင်းဆောင်များ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အရှေ့တီမောသည် လူဦးရေ ၁ ဒသမ ၄ သန်းသာ ရှိပြီး အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။

အာဆီယံအဖွဲ့ထဲ ဝင်ရောက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ့စီးပွားရေးအတွက် အကျိုးအမြတ်ရရှိရန် အရှေ့တီမောခေါင်းဆောင်များက မျှော်မှန်းထားသည်။

အရှေ့တီမော၏ ဂျီဒီပီသည် ဒေါ်လာ ၂ ဘီလီယံခန့် တန်ကြေးရှိပြီး ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံတန်ကြေးရှိသည့် အာဆီယံ၏ ဂျီဒီပီမှ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်ဖြစ်လာမှုက အရှေ့တီမောအဖို့ ရုတ်တရက် ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာမည် မဟုတ်သော်လည်း သင်္ကေတဆန်သည့်‌ အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

ယင်းမှာ နိုင်ငံအတွက် သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော အခွင့်အလမ်းများကို သယ်ဆောင်လာမည့် အစပြုခြင်းဖြစ်ကြောင်း အရှေ့တီမောဝန်ကြီးချုပ်ဂူစမိုက စိတ်လှုပ်ရှားစွာဖြင့် ပြောကြားခဲ့သည်။

“အာဆီယံအဖွဲ့ထဲ ကျွန်တော်တို့ ဝင်ရောက်နိုင်ခဲ့တာဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ စိတ်ဓာတ် ၊ တိုက်ပွဲကြားကနေ မွေးဖွားလာတဲ့ နုပျိုတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ စိတ်ဓာတ်ကို သက်သေပြလိုက်တာပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

အရှေ့တီမောကို ပေါ်တူဂီက ရာစုနှစ်သုံးခုကြာ အုပ်ချုပ်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီများ ရုတ်ချည်း ထွက်ခွာသွားပြီးနောက် အင်ဒိုနီးရှား၏ သိမ်းပိုက်အုပ်ချုပ်မှုကို ခံခဲ့ရသည်။

အင်ဒိုနီးရှားလက်အောက်ခံဘဝတွင် အရှေ့တီမောသည် အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်မှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

၂၀၀၂ ခုနှစ်တွင်မှ အရှေ့တီမောသည် လုံးဝလွတ်လပ်သည့် နိုင်ငံ ဖြစ်လာခဲ့သည်။

အရှေ့တီမော၏ လုံခြုံရေးခိုင်မာစေရန် အာဆီယံအဖွဲ့ထဲသို့ ဝင်ရောက်ရေး အယူအဆကို လက်ရှိအရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟွန်တာက ၁၉၇၀ ပြည့်နှစ်လွန်ကာလ ပေါ်တူဂီလက်အောက်ခံ ဘဝမှာကတည်းက စတင်ထုတ်ဖော်တင်ပြလာခဲ့သည်။

Source: Reuters