မြိတ်-ပုလော ပြည်ထောင်စုကားလမ်း ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်အစောပိုင်းကစပြီး လမ်းပိုင်းပိတ်ထားသဖြင့် ယင်းလမ်းပိုင်းတွင် ကားများပိတ်မိနေကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့က ပြောသည်။
အဆိုပါလမ်းပိုင်းတွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာမှ မကျည်းကုန်းရွာအထိ မိုင် ၂၀ ကျော် အကွာအဝေး လမ်းပိတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်စလုံးက ပိတ်ထားခြင်းဖြစ်ကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောဆိုသည်။
စစ်ရေးတင်းမာနေသောကြောင့် လမ်းပိတ်ထားသည်ဟု သိရပြီး ပစ်ခတ်မှုများရှိနေသည်ဟုလည်း သတင်းကြားသိရကြောင်း ၎င်းတို့က ပြောသည်။
သရက်ချောင်းမြို့နယ်သို့ Dead body (ရုပ်အလောင်း) ပို့ဆောင်ရန် မြိတ်မြို့ဘက်မှ လာစဉ် မီးလောင်ချောင်းရွာတွင် နံနက် ၆ နာရီတည်းက ပိတ်မိနေသဖြင့် ပြန်လှည့်လာရကြောင်း အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ပရဟိတအဖွဲ့က အမျိုးသားတစ်ဦးက ဆိုသည်။
“လေးနာရီလောက်ကြာတယ် စောင့်နေတာ။ နောက်ဆုံး မစောင့်နိုင်လို့ ပြန်လှည့်လာလိုက်တယ်” ဟု ၎င်းက ပြောသည်။
လမ်းပိတ်ထားသဖြင့် ခရီးသည်ကားများနှင့် ကုန်တင်ကားများ၊ အိမ်စီးကားများ လမ်းတစ်လျှောက်ပိတ်မိနေပြီး မနက်ဖြန် ထွက်မည့်ကားများလည်း လမ်းကြောင်း ပြန်ဖွင့်မဖွင့် အခြေအနေကို စောင့်ကြည့်နေကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောဆိုသည်။
“တိုက်ပွဲဖြစ်လို့ ပိတ်ထားတယ်လို့ပဲပြောတယ်။ ဘယ်နားမှာဖြစ်တာလဲတော့ မသိဘူး။ မနက်ဖြန်အထိ စောင့်ကြည့်ပြီးမှပဲ နောက်ထပ်ကား ထွက် မထွက်သိနိုင်မယ်” ဟု မြိတ်မြို့က ခရီးသည်တင်ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ ညနေပိုင်းအထိ ကားလမ်းပြန်ဖွင့်သည်ဟု မကြားရသေးသလို ပစ်ခတ်မှုမှာ မည်သည့်နေရာတွင်ဖြစ်နေသည်ကို အတိအကျမသိကြောင်း ယာဉ်လိုင်းလုပ်ကိုင်သူအချို့က ဆိုသည်။
အထက်အခြေအနေများနှင့်ပတ်သက်၍ အဆိုပါဒေသတွင် လှုပ်ရှားသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO တပ်ရင်း(၇) တပ်ခွဲ(၅) တပ်ခွဲမှူး စောဗဟုကို ဆက်သွယ်မေးမြန်းရာ အခြားနေရာသို့ ရောက်နေသဖြင့် သတင်းမသိရသေးဟု ပြန်လည်ဖြေကြားသည်။
မြိတ်-ပုလော ပြည်ထောင်စုကားလမ်း ပလမြို့ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် အဆိုပါလမ်းပိုင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက မကြာခဏ ပိတ်ပင်ခံရလေ့ရှိသည်။







