မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်သို့ ပို့ဆောင်မည့် စစ်အာဏာရှင်တပ် ရိက္ခာကားနှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်များက ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့ဘက်မှလာသည့် စစ်အာဏာရှင်တပ် ရိက္ခာကားနှစ်စီးကို ရမ်းဖိုရွာတံတားကြီးတွင် မိုင်းနှစ်လုံးဆွဲ၍ တိုက်ခိုက်ရာ စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရိက္ခာကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကားပေါ်တွင်လိုက်ပါလာသည့် စစ်အာဏာရှင်တပ်သား ၁၀ ဦးခန့်အပါအဝင် လမ်းကင်းယူထားသည့် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သူတို့ဘက်က ထိခိုက်မှုရှိတယ်။အရေအတွက်တော့ မသိရသေးဘူး။တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဘေးကင်းတယ်။တိုက်ပွဲအတွင်း သူတို့ဘက်က လက်နက်ကြီး ပစ်လိုက်သေးတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကိုမြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဇုန် ၃ နှင့် ဗိုလ်ခရင်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ရိက္ခာလာပို့သည့်ကားနှစ်စီးက တနင်္သာရီမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
စက်တင်ဘာလ ၂၆ ရက်(ယနေ့) နံနက်တွင်လည်း တနင်္သာရီမြို့နယ်ဘက်မှ မြိတ်မြို့သို့ပြန်လာသည့် စစ်အာဏာရှင်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များက ကမ်းတိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ကားက ကျောက်(တင်)ကား အဖြူနဲ့အပြာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ပြန်သယ်လာတယ်လို့ သိရတယ်။နာရေးကားတစ်စီးလည်း လိုက်လာတယ်။မိုင်းဆွဲလိုက်တယ်လို့ ကြားရတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
အထက်ပါမိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။