ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နေတိုးနှင့် EU က ရုရှားပေါ် အမှန်တကယ်စစ်ကြေညာထားပြီးဖြစ်ဟု ရုရှားက ကုလတွင် စွပ်စွဲ

September 26, 2025

ပုံစာ - ရုရှားနိုင်ငံ ၊ မော်စကိုမြို့မှ အခမ်းအနားတစ်ခုသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ရောက်ရှိလာသည်ကို စက်တင်ဘာလ ၂၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Evgenia

နေတိုးနှင့် ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းကို အသုံးချကာ ရုရှားအပေါ် စစ်ပွဲဆင်နွှဲနေကြောင်း ရုရှားနိုင်ငံခြားဝန်ကြီးက ကုလသမဂ္ဂတွင် စက်တင်ဘာလ ၂၅ ရက်က ပြောကြားလိုက်သည်။

ယူကရိန်းအနေဖြင့် ၎င်းတို့ ဆုံးရှုံးထားသည့် ပိုင်နက်အားလုံးကို ပြန်ယူနိုင်မည်ဟု ယူဆကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနှစ်ရက်အကြာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ၌ G-20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နောက်ထပ်ရှင်းလင်းတဲ့ ဥပမာတစ်ခုကတော့ ယူကရိန်းမှာ ဖြစ်နေတဲ့ အကျပ်အတည်းဟာ အနောက်အုပ်စုရဲ့ လှုံ့ဆော် သွေးထိုးမှုကြောင့် ဖြစ်တယ်ဆိုတာပါပဲ။ နေတိုးနဲ့ ဥရောပသမဂ္ဂ (EU) ဟာ ကျွန်တော့်နိုင်ငံအပေါ် တကယ့်စစ်ပွဲတစ်ခု ကြေညာထားခဲ့ပြီးပါပြီ။ ဒီစစ်ပွဲမှာ သူတို့က တိုက်ရိုက်ပါဝင်နေကြတာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် အလားတူ မှတ်ချက်များကို ယခင်ကလည်း ပြောဆိုခဲ့ဖူးသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ကုလသမဂ္ဂအဆောက်အအုံ၌ G-20 နိုင်ငံခြားရေးဝန်ကြီးများရှေ့တွင် ပြောဆိုခြင်းဖြစ် သောကြောင့် ယခင်ကနှင့်မတူဘဲ ပိုမိုလေးနက်ပြင်းထန်သည့် အဓိပ္ပါယ်သက်ရောက်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုမှုမှာ လိုရာဆွဲ မမှန်မကန်ပြောဆိုမှုဟု ဗြိတိန်က ဆိုသည်။

မကြာသေးမီက နေတိုးအဖွဲ့ဝင် ပိုလန်၊ အက်စတိုးနီးယား စသည့်နိုင်ငံများ၏ လေပိုင်နက်အတွင်းသို့ ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်မှုများကြောင့်လည်း နေတိုး ၊ ဥရောပသမဂ္ဂ(EU) နှင့် ရုရှားတို့အကြား တင်းမာမှုများမှာ ပိုမိုမြင့်မားလာခဲ့သည်။

Source: Reuters