လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုက အသက် ရှစ်နှစ်နှင့် ခြောက်လအရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမျိုးသားတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထားကြောင်း ပလဖထံမှ သိရသည်။
မုဒိမ်းကျင့်သူ အမျိုးသားမှာ အသက် ၅၀ အရွယ် ဦးဇော်ဇော် ဆိုသည့် အိမ်ထောင်ရှင်အမျိုးသားဖြစ်ပြီး ပြုကျင့်ခံရသူ မိန်းကလေး၏ မိဘတို့နှင့် ဆွေမျိုးသဖွယ် ရင်းနှီးသူဖြစ်ကြောင်း စုံစမ်းသိရသည်။
စက်တင်ဘာလ ၃ရက်က ဦးဇော်ဇော်သည် အိမ်သို့ရောက်လာပြီး ကင်းပွန်းချဉ်ရွက် ခူးရန်ဟုဆိုကာ မိန်းကလေးငယ်အား ခေါ်ဆောင်သွားကြောင်း မိန်းကလေး၏ မိခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။
နေအိမ်သို့ ပြန်ရောက်လာသောအခါ မိန်းကလေးငယ်မှာ အမူအယာ ပျက်နေသဖြင့် မိခင်ဖြစ်သူက မေးမြန်းရာမှ ဦးဇော်ဇော်က မုဒိမ်းအကြိမ်ကြိမ် ကျင့်ထားသည့်ကိစ္စ ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မုဒိမ်းကျင့်နေသည်မှာ ခြောက်ကြိမ်ရှိပြီဖြစ်ပြီး မုဒိမ်းကျင့်ခဲ့သည့် နေရာများကိုပါ သမီးဖြစ်သူက ထုတ်ဖော်ပြောပြခဲ့ခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူက ပြန်ပြောင်းပြောဆိုသည်။
မိခင်ဖြစ်သူက လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံ တိုင်ကြားခဲ့ရာ ပလဖက ဦးဇော်ဇော်ကို စက်တင်ဘာလ ၆ရက်တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ယင်းသို့ဖမ်းဆီးသွားပြီးနောက်ပိုင်း ကျူးလွန်သူအမျိုးသားအား မည်ကဲ့သို့အရေးယူထားသည်ကို ယနေ့ စက်တင်ဘာလ ၂၆ရက်အထိ မသိရသေးကြောင်း မိခင်ဖြစ်သူက ပြောဆိုသည်။
လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုရသကမူ ကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး အဆိုပါ အမျိုးသားကိုယ်တိုင်က အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ကို ဝန်ခံထားကြောင်း ပြောဆိုသည်။
ယင်းအမှုအား ဥပဒေနှင့် အညီဖြစ်စေရန် ကိုင်တွယ်ဆောင်ရွက်နေပြီး အခြားအမှုကိစ္စများလည်း ဖြေရှင်းနေသဖြင့် မုဒိမ်းမှုကိစ္စမှာ အနည်းငယ် ကြန့်ကြာနေခြင်းသာ ဖြစ်ကြောင်း ကိုရသက ၎င်းက ဆိုသည်။
ကျောက်ဆင်ကျေးရွာတွင်လည်း အမှုဖြစ်စဉ်နှင့်ပတ်သက်၍ အစည်းအဝေးခေါ်ကာ ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းမည့် အကြောင်းကို ဒေသခံများအား ချပြရှင်းလင်းထားပြီးဖြစ်ကြောင်း ကိုရသ ပြောဆိုသည်။
“ကျွန်တော်တို့ ဥပဒေအတိုင်းသွားနေတယ်။ ငွေရေး၊ ကြေးရေးနဲ့ ကျွန်တော်တို့ကို လာဖြေရှင်းလို့မရဘူး။ ငွေရေးကြေးရေးနဲ့ ဖြေရှင်းလို့ရမယ်ဆိုရင် ဒီအလုပ်ကို ကျွန်တော်လုပ်မှာ မဟုတ်ဘူး။ ငွေလိုလို့ တော်လှန်ရေးလုပ်နေတာလည်း မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ဦးဇော်ဇော်၏ ဇနီးဖြစ်သူကို အထက်ပါကိစ္စနှင့်ပတ်သက်ပြီးမေးမြန်းရာ မျက်လုံးဖြင့် တပ်အပ်မမြင်သဖြင့် မုဒိမ်းမှု ဟုတ်မဟုတ် သေသေချာချာ မပြောနိုင်ကြောင်း ပြောဆိုသည်။
ကျူးလွန်ခံရသူ မိန်းကလေးငယ်မှာ မိန်းမကိုယ်တွင် ဆီးပိုးဝင်သဖြင့် ဆေးကုသမှုခံယူခဲ့ရသေးကြောင်း မိခင်ဖြစ်သူက ပြောဆိုသည်။
ဦးဇော်ဇော်သည် မိန်းကလေးငယ်၏ မိသားစုနှင့် အလွန်အရင်းနှီးသည့် အိမ်းနီးချင်းဖြစ်ကာ ငွေကြေးချမ်းသာသူ ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။