လျှပ်စစ်မီးနှင့် ရေ မကြာခဏပြတ်လပ်မှုများကြောင့် မာဒါဂတ်စကားနိုင်ငံ မြို့တော် အန်တနားနာရီဗိုတွင် စက်တင်ဘာလ ၂၅ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ ပါဝင်လာပြီးနောက် ယင်းသို့ အမိန့်ထုတ်ထားခြင်း ဖြစ်ကြောင်း နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။
ဆန္ဒပြသူများက အစိုးရကို အပြစ်တင်ဝေဖန်ခဲ့ကြပြီး နိုင်ငံအနှံ့တွင် သန့်ရှင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီး ပုံမှန်ရရှိရန် တောင်းဆိုခဲ့ကြသည်။
ကြာသပတေးနေ့က မြို့တော်အန်တနားနာရီဗိုတွင် လူငယ်အများစုပါဝင်သည့် ထောင်နှင့်ချီသော ဆန္ဒပြသူများကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်ခဲ့သည်။
“ကံမကောင်းစွာနဲ့ပဲ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူများတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးဖို့ ကြိုးစားကြသူတွေလည်း ရှိနေတယ်” ဟု နိုင်ငံ့ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက ကြာသပတေးနေ့က ပြောကြားခဲ့သည်။
ပြည်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း အိမ်ပြင်မထွက်ရအမိန့် ထုတ်ထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အမိန့်မှာ မြို့တော်အတွင်း ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိသည်အထိ အသက်ဝင်နေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကြာသပတေးနေ့က ဆန္ဒပြပွဲအတွင်း မြို့တော်ရှိ ဈေးဝယ်စင်တာကြီးတစ်ခု ဖောက်ထွင်းလုယက်ခံရပြီးနောက် မီးရှို့ခံလိုက်ရသည်။
လွှတ်တော်အမတ်နှစ်ဦး၏ နေအိမ်ကိုလည်း ဆန္ဒပြသူများက ဖောက်ထွင်းလုယက်ဖျက်ဆီးခဲ့ကြပြီး နောက်ပိုင်းတွင် ဆန္ဒပြသူများ လူစုခွဲကာ မိမိနေရပ်သို့ ပြန်သွားခဲ့ကြသည်။
မာဒါဂတ်စကားနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဆင်းရဲသည့် ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်။
ပြည်သူများ၏ လူနေမှုအဆင့်အတန်း မတိုးတက်လာမှုအတွက် လက်ရှိသမ္မတ Andry Rajoelina ၏ အစိုးရကို အပြစ်တင်ဝေဖန်မှုများ ရှိနေသည်။
Source: Reuters







