အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အငြင်းပွားနယ်မြေဖြစ်သည့် အနောက်ဘက်ကမ်း (West Bank) ကို အစ္စရေးက သိမ်းပိုက်လိုက်တာမျိုး ခွင့်ပြုမည်မဟုတ်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် အာရပ်နှင့် မွတ်စလင်အများစုနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အာမခံပြောကြားလိုက်ခြင်း ဖြစ်သည်။
ယင်းမှာ အဆိုပါဧရိယာကို အစ္စရေးပိုင်နက်အတွင်း ထည့်သွင်းလိုသည့် လက်ယာစွန်းအစ္စရေး နိုင်ငံရေးသမားများ၏ လှုံ့ဆော်မှုများကို ထရမ့်က ငြင်းဆန်ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် အနောက်ဘက်ကမ်း (West Bank) ကို သိမ်းပိုက်ရန် ၎င်း၏ လက်ယာယိမ်းမဟာမိတ်များထံမှ ဖိအားနှင့် ရင်ဆိုင်ရလျက်ရှိသည်။
ယင်းအခြေအနေက အာရပ်ခေါင်းဆောင်များအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့ပြီး အဆိုပါ အာရပ်ခေါင်းဆောင်အချို့သည် ကြာသပတေးနေ့က ထရမ့်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် ထရမ့်က “အနောက်ဘက်ကမ်း (West Bank) ကို အစ္စရေးသိမ်းပိုက်ဖို့ ကျွန်တော် ခွင့်မပြုဘူး။ တော်လောက်ပြီ။ အခုက ရပ်ရမယ့် အချိန်ပဲ” ဟု ပြောကြားခဲ့သည်။
အိမ်ဖြူတော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် တူရကီသမ္မတ၊ ကာတာနိုင်ငံ၏ အာမီယာ၊ ဂျော်ဒန်ဘုရင်၊ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အီဂျစ်ဝန်ကြီးချုပ်နှင့် အခြားဒေသတွင်းနှင့် မွတ်စလင်ခေါင်းဆောင်များ ပါဝင်ခဲ့သည်။
အစ္စရေးသည် အနောက်ဘက်ကမ်း(West Bank) ကို ၁၉၆၇ စစ်ပွဲတွင် သိမ်းပိုက်ခဲ့သည်။
ပါလက်စတိုင်းများက ၎င်းတို့၏ အနာဂတ်နိုင်ငံတွင် အရှေ့ဂျေရုဆလင် ၊ ဂါဇာကမ်းမြောင်ဒေသနှင့် အဆိုပါ ဧရိယာကို ထည့်သွင်းရန် ကြာမြင့်စွာကတည်းက မျှော်လင့်လာခဲ့သည်။
အနောက်ဘက်ကမ်း (West Bank) နှင့် အရှေ့ဂျေရုဆလင်တွင် ပါလက်စတိုင်း ၂ ဒသမ ၇ သန်း နေထိုင်လျက်ရှိသလို အစ္စရေးဘက်က ဝင်ရောက်အခြေချနေထိုင်သူများလည်း ၇၀၀,၀၀၀ ခန့် ရှိသည်။
အရှေ့ဂျေရုဆလင်ကို အစ္စရေးက ၎င်းတို့ပိုင်နက်အဖြစ် သိမ်းပိုက်ထားပြီး အဆိုပါ လုပ်ရပ်ကို ကမ္ဘာ့နိုင်ငံတော်တော်များများက လက်မခံပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမှန်တကယ်လိုချင်ပါက ဂါဇာရှိ စစ်ပွဲကို ရပ်တန့်ရန် လိုအပ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က မကြာသေးမီက ပြောဆိုထားသည်။
Source: Reuters







