BREAKING
October 19, 2025

လုပ်ငန်းပိတ်သိမ်းရန် ကြေညာထားသော ကံပေါက်သတ္တုလုပ်ကွက်များ ငွေပေး၍ ပြန်လည်ပတ်

September 26, 2025

ပုံစာ - သတ္တုလုပ်ကွက်များကြောင့် ပျက်စီးသွားသည့် ကံပေါက်ရွာ၊ ရေကြည်အိုင်ချောင်း ပတ်ဝန်းကျင်အား ယခုနှစ် ဇွန်လကတွေ့ရစဥ်။ ဓာတ်ပုံ - Dawei Watch.

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် သတ္တုလုပ်ကွက်များ ပိတ်သိမ်းရမည်ဟု ကြေညာထားသော်လည်း စစ်ကော်မရှင် လက်အောက်ခံအဖွဲ့များက လာဘ်ယူပြီးခွင့်ပြုနေသဖြင့် ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်သည်။

စစ်ကော်မရှင်၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လနောက်ဆုံးအပတ်က တရားမဝင်သတ္တုလုပ်ကွက်များ ရပ်နားရန် ကျေးရွာအတွင်း လော်စပီကာဖြင့် ကြေညာခဲ့ပြီးနောက် ရက်သတ္တပတ်အကြာ စက်တင်ဘာလဆန်းတွင် ရပ်နားထားသည့်သတ္တုလုပ်ကွက်များ ပြန်လည်ပတ်နေကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းသို့ ပြန်လည်ပတ်ရန် စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တို့ထံ ငွေပေးခဲ့ရကြောင်း ကံပေါက်ရွာ၊ စက်ကုန်းရပ်ကွက်ရှိ သတ္တုလုပ်ကွက်တစ်ခုက အလုပ်သမားတစ်ဦးကပြောသည်။

” လော်စပီကာနဲ့ကြေညာပြီး နှစ်ရက်လောက်နေတာနဲ့ အဖွဲ့လိုက် ရောက်လာကြတာပဲ။ (ကျပ်သိန်း)နှစ်ဆယ် ပေးလိုက်ရတယ်။ ပြီးတော့ ပြန်လုပ်နေတာအခုထိပဲ။ အရင်တစ်ခေါက် မိုင်းက တစ်ယောက်ကို ဖမ်းသွားတုန်းကလည်း ငွေနဲ့လိုက်ထုတ်ခဲ့ရတာပဲ ” ဟု ၎င်းကပြောသည်။

ကံပေါက်ရွာရှိ မဂ္ဂင်ရပ်ကွက်၊ လှည်းကုန်းရပ်ကွက်၊ မိကျောင်းအိုင်ရပ်ကွက်၊ ထန်းတစ်ပင်ရပ်ကွက်၊ စက်ကုန်းရပ်ကွက်တို့ကို ဖြတ်သန်းစီးဆင်းကာ ဟိန္ဇဲပင်လယ်ဝသို့ စီးဝင်သော ပိန္နဲတောချောင်း၊ ကျောက်လုံးကြီးချောင်း၊ ရေကြည်အိုင်ချောင်း၊ ရဲရင့်ချောင်းတို့၏ နံဘေးရှိ ဥယျာဉ်ခြံမြေများကို ဝယ်ယူ၍ သတ္တုလုပ်ကွက်များ ဖော်ဆောင်ထားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ယင်းသတ္တုလုပ်ကွက်များသည် ၂၀၂၄ ခုနှစ် ဇွန်လ တွင် စတင်ခဲ့ပြီး Dawei Watch က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် Google Earth မှ တိုင်းတာခဲ့စဥ်က လုပ်ကွက်များ ၏ ဧရိယာ သည် ၂၂၂ ဧက ခန့် ရှိကြောင်း တိုင်းတာတွေ့ရှိခဲ့ရသည်။

သတ္တုလုပ်ကွက်များသည် ထပ်မံ တိုးချဲ့နေပြီး ပြီးခဲ့သည့် ဇူလိုင်လတွင်မူ ကံပေါက်ရွာ၊ ဂန့်ဂေါ်တောင်ရပ်ကွက်ရှိ တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်း၊ ဥယျာဥ်အုပ်ချုပ်ရေးမှူးရုံး၏ အနောက်ဘက်အထိ သတ္တုလုပ်ကွက်အသစ်များ ရောက်ရှိနေပြီ ဖြစ်သည်ဟု ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

သတ္တုမထွက်တော့သဖြင့် ရပ်နားလိုက်သည့် သတ္တုလုပ်ကွက်များလည်းရှိပြီး ယင်းနေရာများတွင် ချိုင့်ခွက်၊ ရေအိုင်အကြီးများကျန်ခဲ့ကာ လက်ရှိတွင် စိုက်ပျိုးရေးကဲ့သို့ အခြားနည်းအသုံးပြုရန် မရတော့ဘဲ အချိန်ယူ၍ပြန်ပြုပြင်ရမည်ဖြစ်ကြောင်း သတ္တုလုပ်ကွက်များအနီးနေသူတို့က ဆိုသည်။

” ချိုင့်ခွက်တွေကိုတော့မြေပြန်ဖို့ ဖို့ လုပ်ထားတယ်။ ဟင်းရွက် ပြန်စိုက်ရမရတော့မသိသေးဘူး။ မြေသားကတော့ အရင်ကနဲ့မတူတော့ဘူး။ နှစ် နှစ်လောက်တော့မြေပြုပြင်ရမယ်။ ချောင်းရေကိုလည်း ပြီးခဲ့တဲ့ နွေတုန်းကဆို သုံးမရလို့ ရေတွင်းရေ သုံးခဲ့ရတယ်။ ရေတွင်းရေလည်း မခံဘူး။ ခန်းမြန်လာတယ် ” ဟု သတ္တုလုပ်ကွက်အတွက် ဥယျာဉ်ခြံမြေရောင်းချခဲ့သည့် လှည်းကုန်းရပ်ကွက် က စိုက်ပျိုးရေးခြံရှင်အမျိုးသမီး တစ်ဦးကပြောပြသည်။

သတ္တုလုပ်ကွက်လုပ်ရန် မြေဝယ်ယူစဥ်က ကံပေါက်ဒေသတွင်နေထိုင်သော စစ်အာဏာရှင်တပ်မှ စစ်မှုထမ်းဟောင်း တစ်ဦးက ကြားခံပွဲစားပြုလုပ်ကာ လိုက်လံဝယ်ယူခဲ့ပြီး အချို့ဥယျာဥ်ခြံရှင်များသည် ဆန္ဒမပါဘဲ ဖိအားဖြင့် ရောင်းချခဲ့ရသူများလည်းရှိကြောင်း ၎င်းကပြောဆိုသည်။

” မြေစဝယ်တုန်းက ပြောတယ်။ သူတို့က ခဲ(သတ္တု)ပဲလိုတယ်။ လုပ်ပြီးရင် မြေပေးခဲ့မယ်ပေါ့။ မရောင်းချင်ဘူး ပြောတော့လည်း ချောင်းရိုးတစ်လျှောက် အကုန်ဝယ်ပြီးပြီ နင်တို့မရောင်းလည်း နင်တို့မြေက ပျက်စီးမှာပဲလို့ပြောပြီး ဝယ်တော့ ရောင်းလိုက်ရတယ်” ဟု အထက်ပါ စိုက်ပျိုးရေးခြံရှင်အမျိုးသမီးက ပြောပြသည်။

သတ္တုလုပ်ကွက်ဖော်သူတို့သည် ဒေသခံကြားပွဲစားများဖြင့်လည်း ချောင်းရိုးတစ်လျှောက်ရှိ ခြံများကို တစ်ဧကလျှင် ကျပ်သိန်းသုံးရာ အနည်းဆုံးပေးပြီး ဝယ်ယူကာ သတ္တုတိုင်းတာရေးစက်ဖြင့် သတ္တုရှိကြောင်းတွေ့ရှိပါက ကျပ်သိန်းငါးရာဝန်းကျင်အထိ ပေးဝယ်ကြကြောင်း ဥယျာဉ်ခြံများရောင်းချခဲ့သည့် ဒေသခံတို့ကဆိုသည်။

ကံပေါက်ဒေသ ရပ်ရွာသတ္တုစောင့်ကြည့်ရေးအဖွဲ့ဝင်လုပ်ခဲ့သူ ဦးအောင်ပန်း က ” လူမြင်ကောင်းအောင်တော့ သတ္တုထုတ်လုပ်ရေးတွေ ရပ်မယ်လို့တော့ လုပ်ကောင်းလုပ်လိမ့်မယ်။ ဒါပေမဲ့ အဓိက ပြဿနာက လာဘ်ပေးလာဘ်ယူပဲလေ၊ ကြိုးနီစနစ်ပဲ။ ဒီစနစ်နဲ့သွားနေသရွေ့ အခုလိုဖြစ်နေတဲ့အချိန်မှာတော့ ဒီလူတွေ လုပ်ဆောင်နေမှာပဲ။ အဓိကကတော့ စနစ်ပျက်နေချိန်မှာ လူတွေက စနစ်ပျက်တာကို ကြိုက်တဲ့စီးပွားရေးသမားတွေက အများကြီးရှိတယ်” ဟု ပြောသည်။

ယခုလက်ရှိတွင်မူ သတ္တုလုပ်ကွက်များ ၏ အခြေအနေကို စောင့်ကြည့်ပြောဆိုသည့် အဖွဲ့ဝင် အချို့ စစ်အာဏာရှင်တပ်ကို တော်လှန်နေသူများ ဖြစ်သွားသလို၊ အချို့လည်း ရှောင်တိမ်းနေရသည့်အပြင် ကျေးရွာတွင်ကျန်နေသူများကလည်း စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်၍ မထောက်ပြကြတော့သဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် သတ္တုလုပ်ကွက်များ၏ အခြေအနေကို ထောက်ပြကာ ထိန်းကျောင်းပေးမည့်သူ မရှိတော့ကြောင်း ၎င်းကဆိုသည်။

ကံပေါက်ကျေးရွာအုပ်စုတွင် မြေ ၂ဝ၈၇ ဧက ပေါ်တွင်ဆောင်ရွက်နေသည့် ဒယ်ကိုကုမ္ပဏီ၏ သတ္တု အကြီးစားလုပ်ကွက်တွင်လည်း အာဏာသိမ်းပြီးနောက်တွင် သတ္တုလုပ်သည့် စက်ယန္တရားများလည်ပတ်ချိန် ယခင်ထက်ပိုများလာပြီး နေ့ရောညပါ လုပ်ကိုင်နေ၍ ဆူညံသံများ ပိုထွက်နေကြောင်း ဒယ်ကိုကုမ္ပဏီအနီး ကံပေါက်ရွာ မြသီတာရပ်ကွက် နေသူများကပြောသည်။

အဆိုပါ ဒယ်ကိုကုမ္ပဏီ၏ သတ္တုလုပ်ကွက်သည် ယခင်ကတည်းက ကံပေါက်ရွာတွင် ရှိပြီး စစ်အာဏာသိမ်းပြီးနောက်တွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် စစ်ကောင်စီထံက လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရယူကာ ဆက်လက်လုပ်ကိုင်နေကြောင်း Tanintharyi Coalition Resource Watch ၏ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ အစီရင်ခံစာတွင် ဖော်ပြသည်။

ဒယ်ကိုကုမ္ပဏီနှင့် ပတ်သက်၍ မေးမြန်ရန် Dawei Watch က email ကတစ်ဆင့် စာပို့ ဆက်သွယ်ဖူးသော်လည်း အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

ကံပေါက်ဒေသတွင် သတ္တုလုပ်ကွက်များကြောင့် ချောင်းကောခြင်း၊ ရေတွင်းခန်းခြောက်ခြင်း၊ ရေနေသတ္တဝါရှားပါးလာခြင်း၊ ဆူညံခြင်းနှင့် လေထုညစ်ညမ်းခြင်းတို့ကို ကြုံနေရကြောင်း ဒေသခံတို့က ဆိုသည်။

ကံပေါက်တိုက်နယ်တွင် ကံပေါက်ရွာအပြင် အုန်းပင်ကွင်းရွာ၊ ပယရွာ၊ မင်းသားရွာ စသည့်နေရာများတွင်လည်း သတ္တုလုပ်ကွက်များစွာရှိပြီး ယင်းလုပ်ကွက်များအနီးတွင် စစ်အာဏာရှင်တပ်များ၏ တပ်ဌာနချုပ်၊ တပ်စခန်းများတည်ရှိကြသည့်အပြင် ပျူစောထီးတပ်စခန်းများလည်း တည်ရှိကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။