ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမကို ညပိုင်း (ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ) ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ခုက သတိပေးချက် ထပ်မံထုတ်ပြန်လိုက်သည်။
ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)၊ ဝေဟင်တပ်ဖွဲ့ နှင့် ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့ DDT တို့က စက်တင်ဘာလ ၂၂ ရက် နှင့် ၂၄ ရက်တွင် ထုတ်ပြန်ချက်များထုတ်ပြီး ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-ထားဝယ်လမ်း ရေဖြူအပိုင်းတွင် စက်တင်ဘာလ ၂၃ ရက် ည ၈နာရီ အချိန်က ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက် မောင်းနှင်လာသည့် ကားတစ်စီး ကို အသံမိုင်းဖြင့် သတိပေးခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ၂၂ ရက်ကတည်းက စာနဲ့သတိပေးပြီးပါပြီ။ ၈နာရီကျော်ပြီးမှ မောင်းလာလို့အသံမိုင်းနဲ့ သတိပေးလိုက်တာလောက်ပါပဲ။ ဘာထိခိုက်မှုမှ မရှိခဲ့ဘူး “ ဟု DGRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စက်တက်ဘာလ ၁၉ ရက်နေ့ကလည်း ကလိန်အောင်မြို့ ၊ သာယာမွန်ရွာအနီး Probox ကားတစ်စီး ည ၈ နာရီခန့်တွင် ဖြတ်သန်းသဖြင့် ပစ်ခတ်ခံရပြီး အမျိုးသား ၂ ဦးဒဏ်ရာရခဲ့သေးသည်။
ယင်းပစ်ခတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး DGRF ပြန်ကြားရေးတာဝန်ခံက ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ပြောဆိုထားပြီး မည်သည့်အဖွဲ့က ပြုလုပ်သည်ကိုမူ မသိရသေးပေ။
“ အခုက တကယ် ပစ်တာခတ်တာရှိလာတယ်။ ကားသမားတွေအတွက် အခက်အခဲကတော့ အချိန်မီဖို့ အမြန်မောင်းနေရတယ်။ ရန်ကုန်က အထွက်နောက်ကျရင် ညနေ ၆ နာရီကအချိန်သိပ်မမီချင်ဘူး။ အဲဒီအခက်အခဲပဲရှိတယ်။ နေ့ဘက်ကတော့ အခက်အခဲသိပ်မရှိဘူး“ ဟု Probox ကားဖြင့်ခရီးသည်ပို့ဆောင်နေသည့် ယာဥ်မောင်းတစ်ဦးကပြောသည်။
ဩဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းများတွင်လည်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၁ ၊ ရေဖြူပကဖ နှင့် ကလိန်အောင် အခြေစိုက် ရွှေဘီလုံးအဖွဲ့တို့က ရန်ကုန်-ထားဝယ် ကားလမ်းပိုင်းကို ညပိုင်းမသွားလာကြရန် သတိပေးချက်ထုတ်ပြန်ခဲ့ဖူးသည်။