ထားဝယ်မြို့နယ်၊ ပကာရီရွာသား အသက် ၅၀ ကျော်အရွယ် ဦးဇော်သန်းဆိုသူကို စစ်အာဏာရှင်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ဩဂုတ်လ ၂၀ ရက်နေ့က ဥယျာဉ်ခြံ ထဲသွားချိန် စစ်အာဏာရှင်တပ် စစ်ကြောင်းက ပခပ်ကျေးရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ခြံထဲသွားချိန် စစ်ကြောင်းနဲ့ တိုးမိပြီး ပစ်သတ်ခံလိုက်ရတယ်လို့ ပြောတယ်။ အလောင်းကို ပခတ် ဘုန်းကြီးကျောင်းနားက လမ်းပိုင်းမှာ တွေ့ရတာ”ဟု ယင်းအမျိုးသမီး ကပြောသည်။
ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာနှင့် ၀ကုန်းရွာ အနီးဝန်းကျင်တို့တွင် ဩဂုတ်လ ၁၈ ရက် နေ့မှစ၍ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။
ဩဂုတ်လ ၂၀ ရက် နေ့တွင် ပကာရီရဲစခန်းမှ စစ်ကူထွက်လာသည့် စစ်အာဏာရှင်တပ်က ဦးဇော်သန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တို့က ပြောသည်။
စစ်ရေးတင်းမာနေခြင်းကြောင့် ဦးဇော်သန်း၏ရုပ်အလောင်းကို ဩဂုတ်လ ၂၁ ရက် နေ့ရောက်မှသာ ဒေသခံတို့က ရှာဖွေတွေ့ရှိခဲ့ဟုဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လည်း စစ်အာဏာရှင်တပ်၏ လက်နက်ကြီး ပကာရီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် ဦးဇော်သန်း၏သားမှာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ရသည်။
ဩဂုတ်လ ၂၀ ရက် နေ့တွင် ထားဝယ်မြို့ ပေါ်ရှိ စစ်အာဏာရှင်၏အမြောက်တပ်တို့မှ လက် နက်ကြီး ဖြင့် ပစ်ခတ် ခြင်း ကြောင့် ပခတ်ကျေးရွာရှိ လူနေအိမ် တစ်ဆောင် ထိမှန် ပျက်စီးခဲ့ ပြီး ဒေသခံ တစ် ဦးမှာလည်း ဒဏ်ရာရှိခဲ့သည်။