အမှတ် ၈ ပြည်ထောင်စုကာလမ်းမ၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် မွန်၊ကရင်၊ထားဝယ် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများ နေ့တိုင်းနီးပါး ရှိနေကြောင်း တော်လှန်ရေးအင်အားစုများ နှင့် ဒေသခံများ ထံမှသိရသည်။
သြဂုတ်လ ၂၃ ရက်၊ ၂၄ ရက် နှင့် ၂၅ ရက် သုံးရက်စလုံး ထိတွေ့ ပစ်ခတ်မှုရှိခဲ့ကြောင်း တိုက်ပွဲများတွင် ပါဝင်သည့် ဒေါနစစ်ကြောင်း ၃ ပြန်ကြားရေး တာဝန်ရှိသူ ကပြောသည်။
” ဒီ သုံးရက်မှာတော့ ဒီဖက်(တော်လှန်ရေးအင်အားစု) က အထိအခိုက် မရှိဘူး။ သူတို့ဖက်က ထိခိုက်မှုတော့ အတည်ပြုလို့ မရသေးဘူး။ အင်အားထပ်ဖြည့်တယ်တော့ ကြားတယ်။ အရေအတွက်တော့ မသိရဘူး။ ဒီနေ့ မနက်တော့ တိုက်ပွဲ မဖြစ်သေးဘူး ” ဟု ၎င်းကပြောဆိုသည်။
ထိတွေ့ပစ်ခတ်မှုများကြောင့် လမ်းပိုင်းယာယီပိတ်ဆို့မှုများလည်း မကြာခဏကြုံနေရကြောင်း လမ်းပိုင်းအသုံးပြုသည့် ကားသမားများကပြောသည်။
” ထားဝယ်ကနေ ရန်ကုန်အတက်ဆိုရင် နေ့ချင်းရောက်တယ်။ ရန်ကုန်က အဆင်းကကားတွေက လမ်းမှာ ပိတ်မိနေလို့ တစ်ညလောက် အိပ်ပြီးမှ ရောက်ကြတယ်။ ရာဖူးတို့ လော့သိုင်း (ရွာ) တို့မှာ တစ်ညအိပ် နေရတယ် ” ဟု ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် မရမ်းချောင်းရွာတွင် ဆက်ရှိနေပြီး စစ်ဘေးရှောင်နေသည့် လူနေအိမ်များမှ အသုံးအဆောင်များကို သယ်ဆောင်နေသည်ဟု မျက်မြင်တွေ့ရသည့် ကလိန်အောင်ဒေသခံများက ပြောပြသည်။
” ရွာထဲက ပစ္စည်းတွေကို ကားနဲ့တိုက်ထုတ်နေတယ်။ မရမ်းချောင်းရွာမှာတော့ ဘာပစ္စည်းမှ မကျန်တော့ဘူး။ ၁၂ဘီးကား၊ ၆ဘီးကားတွေနဲ့ကိုသယ်နေတာ။ တချို့အိမ်တွေဆို အဝတ်အစားတွေ၊ စောင်တွေက အစမြေကြီးပေါ် ပစ်ချထားတယ် ” ဟု မရမ်းချောင်းရွာသားတစ်ဦးကပြောသည်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများအပြင် စစ်အာဏာရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်နေသည့် မရမ်းချောင်း၊ ကော့လှိုင်၊ မိုင် ၆၀ ရွာသုံးရွာ၏ ပတ်ဝန်းကျင် ကျေးရွာများပါ နေအိမ်တွင် ညအိပ်မရဲဘဲ တိမ်းရှောင်နေသည်မျိုးရှိကြောင်း ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများကဆိုသည်။
ယင်းကြောင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာရှစ်ရွာအထိရှိလာပြီး ထိတွေ့တိုက်ပွဲများ ဆက်ဖြစ်နေပါက ရေရှည်တွင် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့လာရမည်ဖြစ်ကြောင်း တိမ်းရှောင်နေရသူများအား ကူညီပေးနေသူများထံမှသိရသည်။
အမှတ် ၈ ပြည်ထောင်စုကားလမ်းမ၊ ကလိန်အောင် – ထားဝယ်လမ်းပိုင်းတွင် ဇူလိုင်လကစ၍ နှစ်ဖက်စစ်ရေးလှုပ်ရှားများစရှိခဲ့ပြီး ယခုသြဂုတ်လတွင် စစ်ရေးတင်းမာမှု အမြှင့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများကပြောသညမ။