BREAKING
October 19, 2025

မြောက်ကိုးရီးယားသမ္မတနှင့် တွေ့ဆုံလိုဟု ဒေါ်နယ်ထရမ့်က တောင်ကိုးရီးယားသမ္မတကိုပြော

August 26, 2025

မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအွန်းနှင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံခဲ့သော တောင်ကိုးရီးယားသမ္မတအသစ် လီဂျေးမြောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ယခုနှစ် ဇွန်လက တောင်ကိုးရီးယားသမ္မတအသစ်ဖြစ်လာသော လီဂျေးမြောင်သည် အမေရိကန်သမ္မတ အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး ဒေါ်နယ်ထရမ့်နှင့် ကုန်သွယ်ရေးကဏ္ဍ၊ ကိုးရီးယားကျွန်းဆွယ် လုံခြုံရေးကဏ္ဍများအတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော် သူ့ကို (ကင်ဂျုံအွန်း) ဒီနှစ်အတွင်း တွေ့ချင်ပါတယ်။ နောက်ပိုင်းမှာ ကင်ဂျုံအွန်းနဲ့ ဆွေးနွေးဖို့ စောင့်မျှော်နေတာပါ” ဟု တောင်ကိုးရီးယားသမ္မတ လီဂျေးမြောင်ကို လက်ခံတွေ့ဆုံစဉ် ဒေါ်နယ်ထရမ့်က သတင်းထောက်များကိုလည်း ပြောကြားခဲ့သည်။

သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း ကိုးရီးယားကျွန်းဆွယ်ထဲ ပိုမိုငြိမ်သက်လာပြီးနောက် ကိုးရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးရန် တောင်ကိုးရီးယားသမ္မတ လီဂျေးမြောင်က ထရမ့်ကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

“ခဗျားက ကမ္ဘာ့ငြိမ်းချမ်းရေးတွေမှာ ပိုမိုစိတ်ဝင်စားတဲ့ ပထမဆုံးသမ္မတဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါတွေကိုလည်း တကယ်အောင်မြင်အောင် လုပ်ပေးနိုင်တယ်။ ဒါကြောင့် ကိုးရီးယားကျွန်းဆွယ်မှာလည်း ငြိမ်းချမ်းရေးကို ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်မိတယ်။ … နောက်ပိုင်း ကင်ဂျုံအွန်းနဲ့ တွေ့ရလိမ့်မယ်ပေါ့” ဟု တောင်ကိုးရီးယားသမ္မတ လီဂျေးမြောင်က ပြောသည်။

အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် တောင်ကိုရီးယားနှင့် အမေရိကန်နှစ်နိုင်ငံကြား နျူကလီးယားစွမ်းအင်၊ စစ်ရေးအသုံးစရိတ်နှင့် ကုန်သွယ်ရေးသဘောတူညီချက်များကြား ဆက်လက်အငြင်းပွားနေဆဲဖြစ်သည်။

ခရီးစဉ်အတွင်း တောင်းကိုးရီးယားက ဒေါ်လာ ၃၅၀ ဘီလီယံကို ရင်းနှီးမြုပ်နှံရန် သဘောတူညီထားသလို ဘိုရင်းလေယာဉ် ၁၀၃ စီးကိုလည်း ဝယ်ယူထားသည်။

ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီးနောက် သမ္မတ လီဂျေးမြောင်က တောင်ကိုးရီးယား စီးပွားရေးလုပ်ငန်းရှင်များ၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များနှင့် အရာရှိများ ပါဝင်သော စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သည်။

အမေရိကန်-တောင်ကိုးရီးယား စစ်ရေးလေ့ကျင့်မှုများသည် ဝါရှင်တန်ဘက်က ကိုးရီးယားကျွန်းဆွယ်ရှိ နိုင်ငံများအထိ ကျူးကျော်ရန် ရည်ရွယ်ချက်ရှိနေသည်ကို ပြသနေကြောင်း ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုနှင့် ပတ်သက်၍ မြောက်ကိုးရီးယားမီဒီယာက ဖော်ပြသည်။

ထို့ကြောင့် ဒေါ်နယ်ထရမ့်က ကင်ဂျုံအွန်းနှင့် တွေ့ဆုံလိုသည်ဟု ပြောဆိုသည့်အပေါ်တွင် မြောက်ကိုးရီးယားဘက်က ငြင်းချက်ထုတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဇွန်လက သမ္မတထရမ့်နှင့် ကင်ဂျုံအွန်းတို့နှစ်ဦး ကိုးရီးယားကျွန်းဆွယ်၏ နယ်နမိတ်မျဉ်းအပိုင်းအခြားပေါ်တွင် တွေ့ဆုံခဲ့ဖူးသည်။

Ref: REUTERS, CNN