မြိတ်မြို့ ၊ ဟိန္ဒူသုသာန်အနီး ရေမြောင်းတစ်ခုတွင် စွန့်ပစ်ခံထားရသည့် မွေးကင်းစ ကလေးငယ်အလောင်းတစ်လောင်းကို သြဂုတ်လ ၂၅ ရက် ညနေပိုင်းက တွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းများနှင့် မြို့ခံများထံမှသိရသည်။
ကလေးငယ် ၏ ရုပ်အလောင်းကို မြိတ်အခြေစိုက် ဝဋံသက နာရေးကူညီမှု အသင်းက ကူညီသင်္ဂြိုဟ်ပေးခဲ့သည်။
” သုသာန်မှာလာစွန့်ထားတာကို ကစားနေတဲ့ကလေးတွေက အရင်တွေ့တယ်။ ပြီးမှ ရပ်ကွက်က ကျွန်တော်တို့ကိုဆက်သွယ်ပြီး အကူအညီတောင်းလို့ သွားသင်္ဂြိုဟ်ပေးခဲ့တယ် ” ဟု အထက်ပါ အသင်းဝင်တစ်ဦး ကပြောသည်။
စွန့်ပစ်ခံရသည့် ကလေးငယ်သည် မိန်းကလေးဖြစ်ပြီး အချင်းတန်းလန်းဖြင့် ထဘီပတ်၍ စွန့်ပစ်ထားသည်ကို မှတ်တမ်းဓာတ်ပုံများ၌ တွေ့ရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြိတ်မြို့တွင် မွေးကင်းစ ကလေးစွန့်ပစ်မှု အနည်းဆုံး ၇ ကြိမ်ရှိခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းများအရ တွေ့ရပြီး အားလုံးသေဆုံးခဲ့သည်။

အဆိုပါကလေးစွန့်ပစ်မှုများသည် အခြေခံလူတန်းစားများနေထိုင်သည့် ရပ်ကွက်များတွင် အဖြစ်များကြောင်း မြိတ်မြို့ခံတစ်ဦး ကပြောသည်။
” အဖြစ်များတာက မြိတ်မှာ အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်လေးတွေမှာ အဖြစ်များတယ်။ အဲဒီရပ်ကွက်တွေမှာ တစ်နေ့လုပ်မှတစ်နေ့စားရတာရှိတယ်။ တစ်ခါတလေ အလုပ်မရှိလို့ ထမင်းငတ်နေတာ မျိုးတောင်ရှိတယ် ” ဟု ၎င်းကပြောဆိုသည်။
ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသည့် ပုလောမြို့နယ် ၊ ကဒဲရွာတွင်လည်း ၂၀၂၃ ခုနှစ်က မွေးကင်စ ကလေးစွန့်ပစ်မှုတစ်ကြိမ်ရှိခဲ့ပြီး ယင်းကလေးအား ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုက စောင့်ရှောက်ထားသည်ဟု ယင်းဒေသခံများထံမှသိရသည်။
ကလေးစွန့်ပစ်မှုများသည် အာဏာမသိမ်းခင်ကတည်းက ရှိသော်လည်း ယခင်က စွန့်ပစ်ခံရသည့် ကလေးများကို အစိုးရဂေဟာ သို့မဟုတ် မွေးစားလိုသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်မူ ယင်းသို့ ကူညီဆောင်ရွက်ပေးနိုင်မှု အားနည်းသွားကြောင်း တနင်္သာရီတိုင်း ၊ ရင်ခွင့်မဲ့ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။