BREAKING
October 18, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

July 26, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ

သပိတ်ကျင်းမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

Photo -MOI

မန္တလေးတိုင်းထဲမှာ တော်လှန်ရေးအင်အားစုတွေ တစ်နှစ်နီးပါးသိမ်းယူထားတဲ့ သပိတ်ကျင်းမြို့ကို ဇူလိုင်လ ၂၃ရက်မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။

သပိတ်ကျင်းမြို့ကို ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ၁၁ လကြာ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ မြို့ကို ထိန်းချုပ်လိုက်ပေမယ့် မြို့နယ်တစ်ခုလုံးကိုတော့ မထိန်းချုပ်နိုင်သေးဘဲ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြချက်တွေအရ သိရပါတယ်။

သပိတ်ကျင်းမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာ မန္တလေး PDF နဲ့ ပူးပေါင်း တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက် သိမ်းယူခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ၇မိုင်ရွာသို့ ဆုတ်ခွာခဲ့ရပါတယ်။ စစ်ကောင်စီက ၇မိုင်ရွာမှာ ခြေကုတ်ယူပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့ဟာ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက်တို့နဲ့ ထိစပ်ပြီး ဧရာဝတီမြစ်ကမ်းဘေးက ဆိပ်ကမ်း ကျတဲ့မြို့ဖြစ်လို့ အချက်အချာကျတဲ့နေရာမှာရှိပါတယ်။ သပိတ်ကျင်းကို ပြန်လည်သိမ်းယူပြီးနောက်မှာ စဉ့်ကူး၊ မိုးကုတ်၊ မိုးမိတ် စတဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေများကို စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်နိုင်တာကြောင့် သပိတ်ကျင်းမြို့နယ် တစ်ခုလုံး သိမ်းယူမခံရဖို့ အရေးကြီးတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးနည်းတွေနဲ့ ရှမ်းမြောက်က လားရှိုး၊ နောင်ချို၊ ကရင်နီက မိုးဗြဲစတဲ့ မြို့နယ်တွေကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

……………………………………..

စစ်သင်္ဘောအုပ်ကို တော်လှန်ရေးအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်လို့ လေးစင်းပျက်စီး

Photo – MOD

မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဦးတည်ချီတက်လာတဲ့ ၁၅စီး လောက်ပါတဲ့ သင်္ဘောအုပ်စုကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်လို့ သင်္ဘောလေးစီးပျက်စီးပါ တယ်။

စစ်သင်္ဘောငါးစီးပါဝင်တဲ့ အဲဒီသင်္ဘောအုပ်စုကို စစ်ကောင်စီက လေကြောင်းကနေလည်း လိုက်ပါ အကာအကွယ်ပေးပြီး ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ၊ စစ်ကူတွေ တင်ဆောင်လာတဲ့ အဲဒီသင်္ဘောအုပ်ကို မန္တလေး PDF နဲ့ ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေက မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေထဲမှာ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ မန္တလေး PDF က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

သင်္ဘောအုပ်စုဟာ ဇူလိုင်လ ၁၇ရက်မှာ မန္တလေးက ထွက်ခွာလာပြီး ဇူလိုင်လ ၂၀ ရက်လောက်မှာ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။ ရေအောက်မိုင်းခွဲတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ကြားဖြတ်တိုက်ခိုက်တာကြောင့် သင်္ဘောတစ်စီး နစ်မြှုပ်ပြီး စစ်သင်္ဘောတစ်စီးနဲ့ တခြားသင်္ဘော နှစ်စင်း ကြီးကြီးမားမား မီးလောင်ပျက်စီတယ်လို့ မန္တလေး PDF က ဆိုပါတယ်။

အဲဒီသင်္ဘောအုပ်စုဟာ သပိတ်ကျင်းမြို့နယ်ထဲမှာ ရပ်နားပြီး အပျက်အစီးတွေ ပြင်ဆင်ခဲ့ပြီးနောက်မှာ ဆက်လက်ချီတက်ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၂ ရက်လောက်မှာတော့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက ရောက်ရှိပြီး ကချင်ဘက်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

သင်္ဘောအုပ်စု ချီတက်ချိန် မြစ်ဘေးဝဲယာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးတာတွေ များတာကြောင့် မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေက ပြည်သူတွေ လုံခြုံရေးသတိထားကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

……………………………………..

စစ်ကောင်စီရဲ့ လက်နက်အဝယ်တော် လုပ်ငန်းရှင်တချို့ကို ကန် အရေးယူမှု ဖယ်ရှား

စစ်ကောင်စီအတွက် လေယာဉ်နဲ့ လက်နက်တွေ ကြားခံဝယ်ယူပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင် လေးဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေကို ဇူလိုင်လ ၂၄ရက်မှာ ဖယ်ရှားလိုက်ပါတယ်။

ထရမ့်အစိုးရရဲ့ သွင်းကုန်စည်းကြပ်ခွန် အကြောင်းကြားစာကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်တုံ့ပြန်ရာမှာ သမ္မတ ထရမ့်ကို ချီးမွန်းပြောဆိုပြီး ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီလို တောင်းဆိုပြီး နှစ်ပတ်အကြာမှာ လုပ်ငန်းရှင်လေးဦးနဲ့ သူတို့ရဲ့ လုပ်ငန်းတွေအပေါ် အရေးယူထားတွေကို ဖယ်ရှားလိုက်တာပါ။

KT Services & Logistics ကုမ္ပဏီနဲ့တည်ထောင်သူ ဂျော်နသန်မျိုးကျော်သောင်း၊ MCM Group နဲ့ ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နဲ့ ပိုင်ရှင် ဦးစစ်တိုင်းအောင်၊ နောက်ထပ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်တင်လတ်မင်းတို့ကို အရေးယူမှုတွေကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးရာမှာ အဓိက ပါဝင်တာကြောင့် သမ္မတ ဘိုင်ဒင်အစိုးရက အရေးယူခဲ့တဲ့ ဒီလုပ်ငန်းရှင်တွေအပေါ် သမ္မတထရမ့်က အရေးယူမှုတွေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ အကြောင်းအရင်းကို ရှင်းလင်းပြောဆိုတာမျိုး မရှိသေးပါဘူး။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတော့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အလွန်အမင်း စိုးရိမ်စရာကောင်းတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

……………………………………..

ကျုံဒိုး-ကော့ကရိတ်လမ်း စစ်ကောင်စီ ပြန်ထိန်းချုပ်

Photo – MOI

အာရှလမ်းမပြီးပေါ်မှာရှိပြီး KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သုံးလကျော်ကြာ ထိန်းချုပ်ထားတဲ့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ဇူလိုင်လ ၂၄ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းဟာ မြဝတီမြို့နဲ့ မိုင် ၄၀ လောက် အကွာမှာရှိပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ ရှိတာဖြစ်ပါတယ်။ အဲဒီလမ်းကို ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်အောက်ခံ တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလမှာ သိမ်းယူထိန်းချုပ်ခဲ့တာပါ။

အဲဒီလမ်းပိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ သုံးလကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာရှလမ်းမကြီးကတော့ သွားလာလို့ မရသေးပါဘူး။ မြဝတီကနေတစ်ဆင့် အာရှလမ်းမကြီး ပုံမှန်ဖွင့်လှစ်နိုင်ဖို့ ကျန်နေတဲ့ လမ်းပိုင်းတွေကို အမြန်ဆုံးရှင်းလင်းမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

KNU နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေကတော့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက်သိမ်းယူတာတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ မြဝတီမြို့နယ်ထဲ နောက်ဆုံးကျန်တဲ့ ဝေါ်လေဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

……………………………………..

ဇူလိုင်အတွင်း မဝတ်ရည်အောင်အပါ နိုင်ကျဉ်းခြောက်ဦး ထောင်တွင်း သေဆုံး

Photo – နာရေးကူညီမှုအသင်း-ရန်ကုန်

အခု ဇူလိုင်လအတွင်းမှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ဦး အကျဉ်းထောင်အတွင်းမှာ သေဆုံးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဆီကနေ သိရပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ထောင်ဒဏ် ၈နှစ် ချမှတ်ခံထားရတဲ့ အသက် ၂၆နှစ်အရွယ် မဝတ်ရည်အောင်ဟာ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရတဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တစ်ဝိုက် ပြင်းထန်ဒဏ်ရာတွေကြောင့် ဇူလိုင်လ ၂၀ရက်က အင်းစိန်ထောင်မှာ သေဆုံးခဲ့ပါတယ်။ ဦးနှောက် အကျိတ်တည်ရောဂါကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရပြီး ဆေးဝါးလည်း လုံလုံလောက်လောက်ကုသခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

နောက်ထပ် ထောင်ဒဏ် ၂၅နှစ် ချမှတ်ခံထားရပြီး အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ သက်တော် ၃၆နှစ်၊ ဝါတော် ၁၆ဝါရှိ ဦပသံသိယ လူနာမည် ဦးဇာနည်အောင်ဟာလည်း ကင်ဆာရောဂါနဲ့ ဇူလိုင်လ ၂၅ရက်မှာ ပျံလွန်တော်မူပါတယ်။

ထောင်ဒဏ် ၇နှစ်ချမှတ်ခံရပြီး ဘားအံထောင်မှာ အကျဉ်းကျနေတဲ့ ကိုအောင်နိုင်စိုး(ခေါ်) ကရင်လေးဟာလည်း ဇူလိုင်လ ၂၁ရက်မှာ ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်တာခံရပြီး သေဆုံးပါတယ်။ ထောင်ဒဏ် ၆နှစ်ချမှတ်ခံရပြီး သထုံထောင်မှာ အကျဉ်းကျခံနေရတဲ့ NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင်ဟာလည်း ဇူလိုင်လ ၁၉ရက်မှာ အကြောကတ် မေ့မျောပြီး သေဆုံးခဲ့ပါတယ်။

အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ NLD ပါတီဝင် ဦးမြင့်ဝေ ကတော့ ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာ ခံစားရပေမယ့် အချိန်မီဆေးကုသခွင့်မရတာကြောင့် အူအတက်ပေါက်ပြီး ဇူလိုင် ၈ရက်မှာ သေဆုံးပါတယ်။ ဦးမြင့်ဝေဟာ ထောင်ဒဏ် ၁၉နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

ဇူလိုင်လ ၅ရက်ကလည်း ပေါင်းတည်ထောင်မှာ အကျဉ်းကျနေတဲ့ ကိုလှမင်း (ခေါ်) ကိုလှကြီး ရောဂါအခံမရှိဘဲ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးခဲ့ပါတယ်။ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရတဲ့ ကိုလှမင်း သေဆုံးမှု အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

အခု ၂၀၂၅ ခုနှစ်အတွင်း အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအထိ ရှိလာပြီလို့လည်း PPNM ရဲ့ စာရင်းတွေအရ သိရပါတယ်။ အာဏာသိမ်ပြီးနောက်မှာ အကျဉ်းထောင်ထဲမှာ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား တစ်နှစ်ကို ပျှမ်းမျှ ၂၅ ဦးအထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။

……………………………………..