လီဗာပူးအသင်းဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် အသင်းကစားသမားတွေ ဝတ်ဆင်မယ့် ဂျာစီအင်္ကျီနဲ့ အပေါ်ဝတ် ဂျာကင်အင်္ကျီတွေမှာ ‘Forever 20’ ဆိုတဲ့ အမှတ်အသားကို ထည့်သွင်းပြီး မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ အသင်းကစားသမား ဂျိုတာနဲ့ သူ့ရဲ့ ညီ အန်ဒရေး ဆေးလ်ဗားတို့ကို ဂုဏ်ပြုသွားမယ့်အကြောင်း အတည်ပြုလိုက်ပြီလို့ TNT Sports က ဖော်ပြထားပါတယ်။
ဂျိုတာဟာ လီဗာပူးဆီမှာ ကစားသမားဘဝဖြတ်သန်းခဲ့စဉ်ကာလအတွင်း ကျောနံပါတ် ၂၀ ကို ဝတ်ဆင်ကစားခဲ့လို့ အသင်းဘက်က ‘Forever 20’ ဆိုတဲ့ အမှတ်အသားကို အမှတ်တရအဖြစ် ထည့်သွင်းသွားဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ကြောင်း Goal သတင်းဌာနက ရေးသားထားပါတယ်။
ဒါ့အပြင် ပရိသတ်တွေအနေနဲ့ ‘Diogo J. 20’ လို့ ဂျာစီအင်္ကျီမှာ နာမည်ရိုက်နှိပ်ပြီး ဝယ်ယူမယ်ဆိုရင် အဲ့ဒီကနေ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို LFC Foundation လို့ခေါ်တဲ့ လီဗာပူးအသင်းရဲ့ ပရဟိတဖောင်ဒေးရှင်းဆီ ထည့်ဝင်လှူဒါန်းပေးသွားမယ်လို့လည်း အသင်းက သတင်းထုတ်ပြန် ကြေညာထားပါတယ်။
လီဗာပူးအသင်းဟာ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့ရောက်ရင် လီဗာပူးအသင်းပိုင် အန်ဖီးလ်ကွင်းကြီးထဲမှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်မှာလည်း ဂျိုတာနဲ့ သူ့ရဲ့ ညီ ဆေးလ်ဗားတို့ကို ဂုဏ်ပြုမယ့် အထူးအစီအစဉ်တွေ ပါရှိလိမ့်မယ်လို့ လီဗာပူးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပွဲမစခင်မှာ ကွင်းတစ်ခုလုံး တစ်မိနစ် တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူ ဂျိုတာနဲ့ သူ့ရဲ့ ညီတို့ကို လွမ်းဆွတ်သတိရကြောင်း ထုတ်ဖော်ပြသသွားဖို့လည်း ရှိတယ်လို့ လီဗာပူးက အသိပေးထားပါသေးတယ်။
Source- TNT Sports







