ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပလကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေးကြိမ်ဗုံးကြဲ၊ သံဃာများ သေဆုံးဒဏ်ရာရမှုရှိ

July 26, 2025

ပုံစာ - ပလမြို့တစ်နေရာ(ပုံဟောင်း)

ပုလောမြို့နယ်၊ ပလမြို့တွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရဟန်းတစ်ပါး ပျံတော်မူကာ နောက်တစ်ပါးက ခြေပြတ်သွာကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့( ဇူလိုင် ၂၆ ရက်) နံနက် ၈ နာရီ ဝန်းကျင်မှ ညနေ ၃ နာရီအတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးလေးကြိမ်ကြဲတိုက်ခိုက်ရာ ပလမြို့ သိမ်ဝဘုန်းကြီးကျောင်းမှ ဦးပဉ္စင်းတစ်ပါး ပျံတော်မူကာ ဦးပဉ္စင်းတစ်ပါးမှာ ခြေပြတ်သွားကြောင်း ပလမြို့ခံတစ်ဦးက ဆိုသည်။

ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက် ညနေမှစကာ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ယနေ့အထိ တိုက်ပွဲပြင်းထန်နေသည်။

“လေယာဉ်က အဆက်မပြတ်လာကြဲနေတယ်။ ၉ နာရီလောက်တက်တဲ့လေယာဉ်က (ကြဲချသည့်ဗုံး) ဘုန်းကြီးကျောင်းကို လာကျပြီး ဘုန်းကြီးကထိပြီး ခဏအကြာမှာ ပျံတော်မူသွားတယ်”ဟု အထက်ပါ မြို့ခံက ပြောသည်။

စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် တစ်ကြိမ်လာကြဲပါက ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သဖြင့် နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသလို ပလမြို့အနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘော သုံးစီးကလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း ပလမြို့ခံနောက်တစ်ဦးက ဆိုသည်။

“လက်နက်ကြီးသံရော လက်နက်ငယ်သံရော အဆက်မပြတ်ကြားနေရတယ်။ မနေ့ကလည်း တအားထုတယ်။ မနေ့က (၂၅ရက်နေ့ဘက်)လေကြောင်းကြောင့် ပလမှာ သုံးယောက်သေပြီး ၁၀ ကျော် ဒဏ်ရာရတယ်”ဟု ပလမြို့ခံက ပြောသည်။

ယင်းကြောင့် ယနေ့ညနေပိုင်းအထိ ရရှိသော စာရင်းများအရ ပုလောမြို့နယ်အတွင်း ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ သုံးရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ရဟန်းတစ်ပါးနှင့် အရပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး ရဟန်တစ်ပါးနှင့် အရပ်သား ၁၅ ဦးကျော် ဒဏ်ရာရရှိထားသည်။

မြေပြင်တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။