BREAKING
October 20, 2025

နှစ်နိုင်ငံပစ်ခတ်မှုတွင် သေဆုံးသွားသော ထိုင်းပြည်သူတစ်ဦးလျှင် ဘတ် ၁ သန်း ထောက်ပံ့မည်

July 26, 2025

ပုံစာ - ဇူလိုင်လ ၂၄ ရက်နေ့က ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်သော ဒရုန်း ထိမှန်ခဲ့သည် 7-Eleven စတိုးဆိုင်ကို တွေ့ရစဉ်၊ ယင်းစတိုးဆိုင်တွင် ပြည်သူ ၆ ဦးအထိ သေဆုံးခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပစ်ခတ်မှုများကြောင့် နယ်စပ်ဒေသများတွင် သေဆုံးသူဦးရေ ၃၀ ကျော်လာပြီး ထိုင်းအစိုးရက သေဆုံးသွားသော ပြည်သူများကို တစ်ဦးလျှင် ဘတ် ၁ သန်းစီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

လက်နက်ကြီးကြောင့် မသန်စွမ်းဖြစ်သူများကို ဘတ် ၇ သိန်း၊ ဒဏ်ရာအပြင်းအထန် ရရှိသူများကို ဘတ် ၂ သိန်း၊ ဒဏ်ရာရရှိသူများကို ဘတ် ၁ သိန်း ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Pirapan Salirathavibhaga က ပြောသည်။

ယနေ့ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းအထိ ကမ္ဘောဒီးယားနိုင်ငံဘက်က ပစ်ခတ်သည့် ဒရုန်းနှင့် လက်နက်ကြီးများကြောင့် ထိုင်းနိုင်ငံဘက်တွင် သေဆုံးသူဦးရေ ၂၀ ကျော်လာကာ သေဆုံးသူများထဲတွင် ကလေးငယ်၊ ကျောင်းသား၊ သက်ကြီးရွယ်အို အများစု ပါဝင်နေသဖြင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်းအစိုးရဘက်က သေဆုံးသူ ပြည်သူများ၏ မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြောင်း ဒုဝန်ကြီးချုပ်က ပြောကြားထားသည်။

ထိုင်းပြည်သူများအပေါ် ပစ်ခတ်တိုက်ခိုက်နေသော ကမ္ဘောဒီးယား စစ်စခန်းများကိုလည်း ထိုင်းစစ်တပ်က လေကြောင်းက တိုက်ရိုက် တိုက်ခိုက်နေကြောင်း ထိုင်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံဘက်တွင် ထိုင်းစစ်တပ်၏ လေကြောင်းက တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၎င်းတို့အနက် ၈ ဦးမှာ ပြည်သူများဖြစ်ကြောင်း ကမ္ဘောဒီးယားစစ်တပ်ဘက်က အတည်ပြုထားသည်။

နှစ်နိုင်ငံ ပစ်ခတ်မှုဖြစ်ပြီး သုံးရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကမ္ဘောဒီးယားစစ်တပ်ဘက်က နယ်မြေအသစ်ချဲ့ထွင်ပစ်ခတ်လာသဖြင့် ထိုင်းစစ်တပ်ဘက်ကလည်း ရေတပ်ကို အသုံးပြုပြီဖြစ်ကြောင်း ကြေညာသည်။

လက်ရှိ အချိန်အထိ နှစ်နိုင်ငံ ပစ်ခတ်မှုကြောင့် ထိုင်းဘက်တွင် စစ်ဘေးရှောင် ၁၃၀,၀၀၀ ကျော်လာသလို ကမ္ဘောဒီးယားဘက်တွင်လည်း စစ်ဘေးရှောင် ၃၅,၀၀၀ အထိရှိလာကြောင်း နှစ်နိုင်ငံသတင်းဌာနများအရ သိရသည်။

Ref: The Nation Thailand, France 24, Aljazeera